မြိုင်ကြီးငူစစ်ရှောင်စခန်းတွင် မဲသဝေါစစ်ဘေးရှောင်ပြည်သူ ၅ထောင်ကျော်ကျန်ရှိနေသေး


ဒီဇင်ဘာ ၂၀ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူတွင် ဖွင့်လှစ်ထားခဲ့သည့် စစ်ရှောင်စခန်းထဲတွင် မဲသဝေါဒေသမှ စစ်ဘေးရှောင်ပြည် သူ ၅ထောင်ကျော် အိမ်ပြန်မရဲသေးဘဲ ကျန်ရှိနေသေးသည်ဟု စခန်းတာဝန်ရှိသူများက ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ကေအိုင်စီ သို့ ပြောသည်။

မြိုင်ကြီးငူတွင် နေထိုင်သည့် စစ်ဘေးရှောင်များက ပြီးခဲ့သည့် စက်တင်ဘာလမှ တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော်-DKBA နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တို့အကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းတွင် သုံးလကျော်ကြာ လာရောက်ခိုလှုံနေခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးသူ လူဦးရေ ၅ထောင်ကျော်သည်ဟု သိရသည်။

စစ်ရှောင်စခန်း တာဝန်ခံ စောထွန်းက “ကျနော်တို့စစ်ပြေးရှောင်သမားတွေ နေရပ်ကို ဘယ်သူမှ ပြန်မရဲသေးဘူး။ စခန်းထဲမှာပဲ နေသေးတယ်။ မြိုင်ကြီးငူဆရာတော်က ပြန်ဖို့အမိန့်မကျသေးဘူး။ နေရပ်မတည်ငြိမ်ဘူး၊ မြေမြုပ်မှိုင်းတွေ အများကြီးရှိတယ်။ ခဏတာ ရိက္ခာပြန်ရှာတဲ့ လူတချို့တောင်မှ မိုင်းထိလို့ သေဆုံးတဲ့လူရှိတော့ ပြန်ရဲတဲ့လူသိပ်မရှိတော့ဘူး။ အခု စခန်းမှာလည်း ရိက္ခာနည်းလာပြီး ဆန်တွေက ဒီဇင်ဘာအထိပဲ စားလို့လောက်မယ်။ ၁လပိုင်း အလှူရှင် မလာတော့ရင် စားဖို့ ဆန်မရှိတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

မြိုင်ကြီးငူတွင် မဲသဝေါစစ်ဘေးရှောင်များအတွက် ဖွင့်ထားသော စခန်း၂ခန်းခုအနက် ကျောက်စာကွင်းဓမ္မာရုံ စခန်းတွင် အိမ် ထောင်စု ၇၁၈စုနှင့် လူဦးရေ ၃၈၁၁ဦးရှိပြီး မြပန်းဝတ်မှုံ ဓမ္မာရုံအနီးမှ စခန်းတွင် အိမ်ထောင်စု ၂၆၉စုနှင့် လူဦးရေ ၁၅၇၈ဦး ရှိ နေဆဲဖြစ်သလို စာရင်းမသွင်းရသေးသည့် အိမ်ထောင်စု ၅၀ကျော် ရှိနေသေးသည်ဟု စခန်းဥက္ကဌ၏ ပြောပြချက်အရ သိရ သည်။

စစ်ရှောင်စခန်းတွင် ခိုလှုံနေသူ ကလောဒေးရွာသား စောမြက “ဒီမှာလာနေတာကြာပြီးဆိုတော့ တစ်ခါတစ်လေ ရွာမှာ ကွမ်းသီး ပြန်တက်တယ်။ ငရုပ်သီးတွေ ပြန်ခူးတယ်။ ခဏပြန်ပြီး ပြန်လာရတယ်။ ပြန်နေလို့မရဲဘူး။ မြေမြုပ်မိုင်းတွေရှိတယ်။ ကျနော်တို့ က စားစရာမရှိတော့ အရဲစွန့်ပြီး ပြန်ရတာပေါ့။ ရွာမှာတော့ စိုက်ထားတဲ့ စပါးတွေက ပျက်ကုန်ပြီး။ ဒီမှာဘယ်အချိန်ထိ နေရမလဲ မသိဘူး ပြန်ချင်ပါတယ်။ ဒီမှာနေလို့ အဆင်မပြေဘူး။ တဲကကျဉ်းတော့ မိသားစု ၈ယောက် အိပ်လို့ အဆင်မပြေဘူး။”ဟု ကေ အိုင်စီသို့ ပြောသည်။

ထိုဒေသတွင် တိုက်ပွဲနည်းလာသည့်နောက်ပိုင်း မြိုင်ကြီးငူနှင့် နီးသည့်ရွာများမှာ နေရပ်ပြန်ကာ ကွမ်းသီး၊ ငရုပ်သီး ပြန်ခူးသည့် သူများရှိပြီး ၎င်းတို့အနက် မြေမြုပ်မိုင်းထိမှန် သေဆုံးသူများအပြင် ဒဏ်ရာရသူများလည်း ရှိသည်ဟု သိရသည်။

ယင်းသို့ နေရပ်မပြန်နိုင်ကြသေးသည့် စစ်ဘေးရှောင်ပြည်သူများမှာ ထီးကနဲ၊ ကလော်ကွီး၊ တာဘောသဲ့၊ ကျောင်းမ၊ ကလော ဒေး၊ မဲ့သဝေါ၊ ရင်ပိုင်းချောင်းဝ စသည့်ကျေးရွာများ အပါအ၀င် ရွာပေါင်း ၁၆ရွာမှ ဒေသခံများဖြစ်ကြောင်း စခန်းတာဝန်ရှိသူများ ၏ စာရင်းများအရ သိရသည်။

 နန်းဝေဖြိုးဇာ  / ကေအိုင်စီ
http://kicnews.org

မြိုင်ကြီးငူစစ်ရှောင်စခန်းတွင် မဲသဝေါစစ်ဘေးရှောင်ပြည်သူ ၅ထောင်ကျော်ကျန်ရှိနေသေး မြိုင်ကြီးငူစစ်ရှောင်စခန်းတွင် မဲသဝေါစစ်ဘေးရှောင်ပြည်သူ ၅ထောင်ကျော်ကျန်ရှိနေသေး Reviewed by THITHTOOLWIN on 11:07 Rating: 5
Powered by Blogger.