မြန်မာတစ်နိုင်ငံလုံး ၇ လအတွင်း ဓာတ်လိုက်မှုဖြစ်စဉ် ၈၅ ကြိမ်ဖြစ်ပွားရာ သေဆုံးသူ ၇၈ ဦးထိရှိ


မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ (၇)လအတွင်း ဓာတ်လိုက်မှုဖြစ်စဉ် (၈၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၇၈)ဦးနှင့် ဒဏ်ရာရရှိသူ(၃၄)ဦး ရှိခဲ့ကြောင်း စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီး ဌာနမှ သိရှိရသည်။
“ဓာတ်လိုက်မှု အန္တရာယ်ဖြစ်ပွားရခြင်းက အဓိကအားဖြင့် လျှပ်စစ်ပစ္စည်းများ အရည်အသွေးမပြည့်မီခြင်း၊ ဝါယာ သွယ်တန်းမှု၊ လျပ်စစ်ပစ္စည်း တပ်ဆင်မှု မပြည့်စုံခြင်း၊ စနစ်မကျခြင်း၊ သက်တမ်းလွန် လျှပ်စစ်ပစ္စည်းများအသုံး ပြုခြင်း၊ အိမ်တွင်းသုံး လျှပ်စစ်ပစ္စည်းများကို ခံနိုင်ရည်ထက်ပိုသုံးခြင်း၊ လျှပ်စစ်ပစ္စည်းများကို ပေါ့ဆစွာအသုံး ပြုခြင်း၊ မူးယစ်သောက်စားခြင်း၊ ဓာတ်အားလိုင်းနှင့် သတ်မှတ်အကွာအဝေး မလွတ်ကင်းခြင်း၊ တရားမဝင်ဓာတ် အားသုံးစွဲခြင်းနှင့် လျပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာဗဟုသုတနည်းပါးခြင်းတို့ကြောင့် ဖြစ်ပါတယ်။”ဟု စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ဒီဇင်ဘာလ(၁၅)ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

အဆိုပါ အမှုများတွင် ဓာတ်လိုက်မှုပေါင်း(၅၈)ကြိမ်ရှိပြီး၊ အိမ်သို့သွယ်တန်းသောဆားဗစ်ဝါယာကြိုးဆွေးမြေ့ ပေါက်ပြဲခြင်းကြောင့် ဓာတ်လိုက်မှု(၁၀)ကြိမ်၊ ဓာတ်အားလိုင်ကြိုးပြတ်ကျခြင်းကြောင့်(၈)ကြိမ်နှင့် အခြား အကြောင်းများကြောင့်(၉)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။“ဓာတ်လိုက်တဲ့နေရာမှ အစိုးရရဲ့ လမ်းမီးတိုင်တွေမှာ တတ်ဆင်ထားတဲ့မီးကြိုးတွေစနစ်မကျတာနဲ့ မီးကြိုးတွေ မကောင်းတာကြောင့် လမ်းမီးကြိုးတွေပြတ်ကျပြီးသေဆုံးသူတွေလဲရှိနေတယ်။ အဲဒါလျှပ်စစ်ရုံးမှာ တာဝန်ရှိ တယ်။ ရန်ကုန်မှာ မိုးတွင်းတုန်းကဆိုရေလျှံတယ် လမ်းမီးကြိုးကရေထဲကျနေလို့ လမ်းသွားရင်းဓာတ်လိုက် သေတာတွေရှိတယ်။” ဟု ရန်ကုန်မြို့မှ ဦးမြင့်အောင်ကပြောသည်။

ဓာတ်လိုက်မှုများအားစိစစ်ခဲ့ရာတွင် တည်ဆောက်ရေးလုပ်ငန်းများနှင့် နေအိမ်များအတွင်း၌ လျှပ်စစ်ဆိုင်ရာ အသိပညာအားနည်းချက်ကြောင့် တည်ဆောက်ရေးပစ္စည်းများနည်းစနစ်တကျ မကိုင်တွယ်ခြင်း၊ ရေမော်တာ၊ မီးပလပ်စသည့် လျှပ်စစ်အသုံးဆောင်ပစ္စည်းများ စနစ်တကျကိုင်တွယ် လုပ်ဆောင်မှု မရှိခြင်း၊ လျှပ်စစ်ကြိုးများ အရည်အသွေးမမီခြင်း၊ မီးတိုင်များတွင် ကြိုးများတပ်ဆင်မှု စနစ်မကျခြင်းတို့ ကြောင့် အများဆုံးဖြစ်ပွားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
မြန်မာတစ်နိုင်ငံလုံး ၇ လအတွင်း ဓာတ်လိုက်မှုဖြစ်စဉ် ၈၅ ကြိမ်ဖြစ်ပွားရာ သေဆုံးသူ ၇၈ ဦးထိရှိ မြန်မာတစ်နိုင်ငံလုံး ၇ လအတွင်း ဓာတ်လိုက်မှုဖြစ်စဉ် ၈၅ ကြိမ်ဖြစ်ပွားရာ သေဆုံးသူ ၇၈ ဦးထိရှိ Reviewed by THITHTOOLWIN on 17:29 Rating: 5
Powered by Blogger.