ဘီးလင်းမြို့နယ်တွင် သူငယ်ချင်းများ အရက်စုသောက်ရာမှ အချင်းများ၍ လူသတ်မှုဖြစ်ပွား


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကဇိုင်းကျေးရွာအုပ်စု၊ ချောင်းပြန့်ကျေးရွာတွင် သူငယ်ချင်းများ အရက်စုသောက် ရာမှ စကားများရန်ဖြစ်ကာ အချင်းချင်းတုတ်နှင့် ရိုက်သဖြင့် တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဘီးလင်းမြို့မ ရဲစခန်းမှ သိရှိရသည်။

 အဆိုပါဖြစ်စဉ်ကြောင့် ချောင်းပြန့်ကျေးရွာတွင်နေသူက ၎င်း၏ အစ်ကိုသေဆုံးမှုကို တရားခံအား အရေးယူပေးရန် ဒီဇင်ဘာ ၆ ရက်၊ ညပိုင်းက ဘီးလင်းမြို့မရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
“အချင်းချင်းအရက်စုသောက်ပြီးစကားများရာကနေ ရန်ဖြစ်ပြီးတုတ်နဲ့ရိုက်တာ ဒဏ်ရာရပြီးသေသွားတယ်။ လူ သတ်မှုဖြစ်တယ်လို့လာတိုင်တာနဲ့ (၂၄)နာရီအတွင်း တရားခံကိုဖမ်းဆီးပေးနိုင်ခဲ့ပါတယ်။ တရားခံကိုတော့ ဥပဒေအရတရားစီရင်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားပါမယ်။”ဟု သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး နန္ဒဝင်းက ပြောသည်။

 မအုန်းလှ(ခ)မမနှင့် ခင်ပွန်းဖြစ်သူ မျိုးကျော်တို့သည် ဒီဇင်ဘာ ၆ ရက်၊ နံနက်ပိုင်းက ငါးရှာရန် ရွာတောင်ဘက် သို့ထွက်လာရာ ရွာတောင်ဘက်နောင်ရိုးကြံစိုက်ခင်းမြောက်ဘက်ရှိ မအုန်းလှမိဘများပိုင်ကွမ်းခြံအနီးအရောက် တွင် တစ်ရွာတည်းနေဒေါ်မိငယ်မှ နင့်အစ်ကိုသေနေပြီဟုပြောသဖြင့် ကွမ်းခြံအတွင်းရှိတဲပေါ်သို့ သွားရောက် ကြည့်ရှုခဲ့ရာ တဲပေါ်တွင်၎င်း၏အစ်ကိုဖြစ်သူ ကတ္တီပါ(ခ)မောင်စိန်မြင့်(၃၄)နှစ်မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာများ ဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

မအုန်းလှတို့ရောက်ရှိချိန်တွင် ကျေးရွာလူကြီးနှင့်အဖွဲ့မှရောက်ရှိနေပြီး ရွာလူကြီး၏ပြောပြချက်အရ ဒီဇင်ဘာ ၅ ရက်၊ ညပိုင်းတွင် သေဆုံးသူ ကတ္တီပါ(ခ)စိန်မြင့်နှင့်အတူ တစ်ရွာတည်းနေ ကော်လာဖူးပွါး(ခ)ဆန်းဝင်း(၃၄)နှစ် မောင်လှသန်း၊ မှတ်ကြီးတို့(၄)ဦးမှာ အရက်အတူသောက်နေစဉ် ကတ္တီပါ(ခ)စိန်မြင့်နှင့် ကော်လာဖူးပွါး(ခ)ဆန်း ဝင်းတို့နှစ်ဦးစကားများကြသဖြင့် ဆန်းဝင်းမှ စိန်မြင့်အားတုတ်ဖြင့်ရိုက်ခဲ့ရာမှ ရရှိခဲ့သောဒဏ်ရာဖြင့် သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသေဆုံးမှုနှင့်ပတ်သက်၍ ကော်လာဖူးပွါး(ခ)ဆန်းဝင်းအား ဘီးလင်းမြို့မရဲစခန်းမှ (ပ) ၂၅၃ /၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ(၃၀၂)အရ အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ဘီးလင်းမြို့နယ်တွင် သူငယ်ချင်းများ အရက်စုသောက်ရာမှ အချင်းများ၍ လူသတ်မှုဖြစ်ပွား  ဘီးလင်းမြို့နယ်တွင် သူငယ်ချင်းများ အရက်စုသောက်ရာမှ အချင်းများ၍ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 15:07 Rating: 5
Powered by Blogger.