အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ် သမားတွေ ထိုင်းအလုပ်ရှင်ကို တရားစွဲ

အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: Ye Min/ AAC
ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့က PCG Group တိရိစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်လိုက်တဲ့ ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ် သမားတွေက တရားစွဲဆိုထားတယ်လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC က ပြောပါတယ်။

အလုပ်ရှင်နဲ့ မြန်မာအလုပ်သမားတွေအကြား ထိုင်းအစိုးရဖွဲ့စည်းထားတဲ့ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက ကြားဝင်ညှိနှိုင်းပေမယ့် အဆင်မပြေတဲ့အတွက် တရားစွဲဆိုတာဖြစ်တယ်လို့ AAC အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

" ထိုင်းနိုင်ငံမှာ နောက်ထပ်အဖွဲ့တစ်ခုပေါ်လာတယ်၊ ထိုင်းအစိုးရဖွဲ့ထားတာပဲ။ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနဆိုပြီး အဲ့ဌာနက ကြားဝင်စေ့ စပ်ပေးတော့ အလုပ်သမားတွေကို လက်ခံပေးမယ် ဆိုပြီးတော့ အလုပ်သမားတွေက တကယ်လည်းအလုပ်ဆင်းရော အကုန်လုံးဒီလူတွေ ကို ပြန်မောင်းထုတ်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က နောက်ထပ်တစ်ဆင့် ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနနဲ့ ပူးပေါင်းပြီး တရားစွဲတာဖြစ်တယ်။"

အဲ့ဒီစက်ရုံဟာ ခွေး၊ ကြောင် စတဲ့ တိရိစ္ဆာန်အစားအစာတွေကို ထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး လက်ရှိ မြန်မာအလုပ်သမား ၂၀၀ ကျော် အလုပ်လုပ်နေတာဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေကို စာချုပ်သက်တမ်းကုန်ပြီဆိုပြီး ဒီလဆန်းလောက်က အလုပ်ထုတ်လိုက်တာဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေက စက်ရုံမှာ အလုပ်ပြန်ခန့်ပေးဖို့ နဲ့ မခန့်ပေးနိုင်ရင် လျော်ကြေး နဲ့ နစ်နာကြေးတွေ ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေကြောင်းအရ တရားရင်ဆိုင်ချိန်ဟာ ၆ လလောက်အထိ ကြာမြင့်နိုင်တယ်လို့လည်း ကိုရဲမင်း က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ် သမားတွေ ထိုင်းအလုပ်ရှင်ကို တရားစွဲ  အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ် သမားတွေ ထိုင်းအလုပ်ရှင်ကို တရားစွဲ Reviewed by THITHTOOLWIN on 04:29 Rating: 5
Powered by Blogger.