မြန်မာငွေတန်ဖိုးကျဆင်းနေပြီး ဒေါ်လာဈေးမြင့်တက်နေတဲ့အတွက် ထိန်းညှိနိုင်တဲ့နည်းလမ်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ အမြန်ဆုံးရှာဖွေသင့်တယ်လို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုတိုက်တွန်းလိုက်ပါတယ်။
ဒီဇင်ဘာ(၁၆)ရက်ကကျင်းပတဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ပထမ(၆)လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာအပေါ်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့လေ့လာတွေ့ရှိချက်နဲ့သဘောထားမှတ်ချက်အစီရင်ခံစာ (၆/၂၀၁၆) ဆွေးနွေးစဉ်မှာ ထည့်သွင်းတိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။
မြန်မာငွေတန်ဖိုးကျဆင်းပြီးဒေါ်လာဈေးမြင့်တက်လာတဲ့အတွက် ပို့ကုန်လုပ်ငန်းအတွက်ကောင်းမွန်တဲ့ အဖြေမျိုးဖြစ်ပေမယ့် နိုင်ငံရဲ့ပို့ကုန်ကဏ္ဍသိသိသာသာပြောင်းလဲမလာတဲ့အကြောင်းရင်းကိုလည်း ရှာဖွေ သင့်တယ်လို့ လှိုင်းဘွဲ့မဲဆန္ဒနယ်ကဦးခင်ချိုက တင်ပြခဲ့ပါတယ်။
ငွေကြေးဖောင်းပွနေမှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ဆောင်ရွက်နေပေမယ့် ငွေကြေး ဖောင်းပွမှုတွေဟာဆက်လက်ဖြစ်ပေါ်နေတာကြောင့် အဓိကအကြောင်းရင်းမှန်ကိုသက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေ အနေနဲ့စနစ်တကျလေ့လာသင့်ပြီလို့ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်က ဦးတင်ထွန်းနိုင်က တင်ပြခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ပထမ(၆)လပတ်အမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာမှာ ကမ္ဘာ လှည့်ခရီးသည်တွေဝင်ရောက်မှုနှုန်းဟာ အရင်နှစ်က(၂၁)သိန်းရှိပြီး ဒီနှစ်အတွင်းဝင်ရောက်မှုက (၁၉)သိန်း ရှိနေတဲ့အတွက်ဘာကြောင့်လျော့နည်းသွားရသလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ ဖော်ပြထားတာမတွေ့ရ ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင် ကထောက်ပြသွားပါတယ်။လွှတ်တော် ကိုယ်စားလှယ် တွေရဲ့အကြံပြုချက်တွေနဲ့ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက နိုင်ငံခြားငွေ ဈေးနှုန်းတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့တိုက်ရိုက် ထိန်းချုပ်ပိုင်ခွင့်မရှိ ဘူးလို့ အခုလိုပြန်လည် ရှင်းလင်းခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ပထမ(၆)လပတ်အမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာ ဟာ ပြည်စုံမှုမရှိဘူးလို့ ဝေဖန်မှုတွေကိုလည်းလက်ခံကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အကြံပြုချက် တွေကိုရယူပြီး နောင်အစီရင်ခံစာတွေမှာပြည့်စုံစေဖို့ဆောင်ရွက်သွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီးက လွှတ်တော်မှာပြောကြားခဲ့ပါ တယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ပထမ(၆)လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာကို လွှတ် တော်ကိုယ်စားလှယ်တွေရဲ့သဘောတူညီချက်ရယူပြီး ပြည်ထောင်စုလွှတ်တော်မှာအတည်ပြုခဲ့ပါတယ်။ ဒီသတင်းကို Central News Bureau က ရွှေရည်မဉ္ဇူ ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ဒေါ်လာဈေးမြင့်တက်နေမှုကို ထိန်းညှိရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း
Reviewed by THITHTOOLWIN
on
22:07
Rating:
