ရန်ကုန် ဒီဇင်ဘာ ၇
YCDC နှင့် ပတ်သက်သည့် ၁၉၉၂ စည်ပင်သာယာ ဥပဒေအားလုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသစ်ပြန်လည်ရေးဆွဲသွား မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ်သော တာဝန်သိခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေး လူမျိုးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး က ပြောသည်။
အဆိုပါပြန်လည်ရေးဆွဲမည့်အစီအစဉ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁ ရက်တွင် စင်ကာပူနိုင်ငံသို့သွားသည့် ခရီးစဉ်အပြန်တွင် ဖြစ်လာသော ညွှန်ကြား ချက်ဖြစ်ကြောင်း သိရသည်။
''မကြာခင် YCDC ရှိပြီးသား ဥပဒေ၊ နည်းဥပဒေ အကုန်လုံးကို Reforms ပြန်လုပ်မှာလို့ စည်ပင်သာယာ ကော်မတီက အဖွဲ့စည်းထားတဲ့ department ၂၃ ခုကိုလည်း စနစ်တကျ Reforms ပြုလုပ်သွားမှာပါ။ ဒါက ကျွန်မတို့ရဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်ဖြစ်ပါတယ်'' ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
အဆိုပါပြုပြင်ရေးဆွဲမှုများ ပြုလုပ်ရန် စင်ကာပူအစိုးရ၏ ကူညီမှုဖြင့် ပညာရှင်အဖွဲ့များ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ လပိုင်းတွင် ရောက်ရှိ မည်ဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် လုပ်ဆောင်သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က စီစဉ်ထားကြောင်း သိရသည်။
YCDC ကိုပြုပြင်ပြောင်းလဲမှုများ လုပ်ခြင်းအားဖြင့် ဟိုတယ်ခရီးနှင့်ပတ်သက်သည့် ကဏ္ဍများ၊ ယာဉ်ကြော ကျပ်တည်းမှုများ အစရှိသည့် အစစအရာရာကဏ္ဍပေါင်းစုံ ပြောင်းလဲမှု များ တွေ့မြင်ရမည်ဖြစ်ပြီး အသစ်ဖြစ်ပေါ်လာမည့် ဥပဒေအသစ်နှင့် ဖွဲ့စည်းပုံအသစ်အရ ၂ဝ၁၇ ခုနှစ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ကရင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်သဉ္ဇာမျိုးက ပြောကြားသည်။
(ဇာနည်မောင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
စည်ပင်သာယာ ဥပဒေအားလုံး အသစ်ပြန်လည်ရေးဆွဲမည်
Reviewed by THITHTOOLWIN
on
07:28
Rating:
