ဘာလင်တိုက်ခိုက်မှု သံသယရှိသူကို ဆက်ရှာနေ


ဂျာမနီ နိုင်ငံ ဘာလင်မြို့မှာ လူ ၁၂ ယောက် သေဆုံးခဲ့ရတဲ့ ခရစ္စမတ်ဈေးတန်းအတွင်း လော်ရီကားနဲ့ တိုက်ခိုက်ခဲ့မှု အတွက် သံသယ ရှိသူ တူနီးရှားလူမျိုး Anis Amri ကို ဂျာမနီ နိုင်ငံတဝန်း ရဲတွေက ဆက်လက် ရှာဖွေ နေ ပါတယ်။

Anis Amri ရဲ့ လက်ဗွေတွေကို ကားတံခါးမှာ တွေ့ရကြောင်း ဂျာမန် သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ဂျာမနီ နိုင်ငံတဝန်း မှာလည်း ရဲတွေက ဘာလင်နဲ့ ဒေါ့မွန်မြို့တွေ အပြင် နယ်သာလန်နဲ့ နယ်စပ် အနီးက ဒုက္ခသည် စခန်းတစ်ခုကိုလည်း အဓိက ရှာဖွေခဲ့ကြပါတယ်။

Anis Amri ကို ဖမ်းဆီးဖို့ ဥရောပ တလွှားမှာလည်း ဖမ်းဝရမ်း ထုတ်ထားပါတယ်။

တူနီးရှားက မိသားစု နေအိမ်ကို ရဲတွေ ရောက်လာပြီး သူ့အမေကို စစ်မေးဖို့ ခေါ်သွားတော့မှ ဒီတိုက်ခိုက်မှုမှာ Anis Amri ပတ်သက်ကောင်း ပတ်သက်နိုင်တယ် ဆိုတာ သိရတယ်လို့ Anis Amri ရဲ့ ညီအစ်ကိုတော်သူ Abdelkader Amri က ပြောပါတယ်။

ဒီသတင်းကြားတော့ တခြား တူနီးရှား နိုင်ငံသားတွေ လိုပဲ သူတို့ ထိတ်လန့် တုန်လှုပ်သွားကြတယ်၊ သူ့အမေကို စစ်ဖို့ ရဲတွေ လာခေါ်တော့မှ သံသယရှိခံရသူဟာ သူတို့ မိသားစုဝင် ဖြစ်နေကြောင်း သိရတယ်လို့ ပြောပါတယ်။

နောက်ညီအစ်ကို တစ်ယောက်ဖြစ်တဲ့ Walid ဆိုသူကလည်း Amis Amri ကို ရဲတွေဆီမှာ သွားအဖမ်းခံဖို့ တိုက်တွန်း နေပါတယ်။

ပြီးခဲ့တဲ့ တနင်္လာ နေ့က ခရစ္စမတ် ဈေးတန်းကို ဝင်တိုက်ခဲ့တဲ့ လော်ရီကားခေါင်းခန်းမှာ သူ့ရဲ့ ဂျာမနီနိုင်ငံထဲ ယာယီနေထိုင်ခွင့် လက်မှတ်ကို တွေ့ရှိခဲ့ပေမဲ့ Anis Amri ကိုတော့ အဲဒီကတည်းက ရှာမတွေ့တော့ပါဘူး။

တိုက်ခိုက်ခံခဲ့ရတဲ့ ဈေးတန်းကို ပြန်ဖွင့်ခဲ့
တနင်္လာနေ့က တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ ခရစ္စမတ် ဈေးတန်းကတော့ အခု ပြန်ဖွင့်နေပြီဖြစ်ပါတယ်။

လူတွေ စည်ကားတဲ့ ဈေးဆိုင်တန်းတွေထဲကို လော်ရီကားနဲ့ ဝင်တိုက်ခဲ့တဲ့ အတွက် လူ ၁၂ ယောက် သေဆုံးပြီး နောက်ထပ် ၄၈ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဘာလင်တိုက်ခိုက်မှု သံသယရှိသူကို ဆက်ရှာနေ  ဘာလင်တိုက်ခိုက်မှု သံသယရှိသူကို ဆက်ရှာနေ Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.