မန္တလေး၊ ဒီဇင်ဘာ ၁၀။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၈ လမ်းနှင့် ၂၈ လမ်းထောင့်တွင် ဒီဇင်ဘာလ ၉ ရက်နေ့ ည ၇ နာရီခန့် က တိုင်းအကူရဲတပ်ဖွဲ့ မှ လုံခြုံရေးရဲကား နှင့် ဟိုင်းလပ်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ လုံခြုံရေးရဲကားမှ တာဝန်ကျ ရဲတပ်ကြပ်တစ်ဦးသေဆုံးခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
တိုင်းအကူရဲတပ်ဖွဲ့မှ ရဲတပ်သားဇေယျာထွန်း မောင်းနှင်သည့် လုံခြုံရေးရဲကားသည် ၆၈ လမ်းအတိုင်း တောင် မှ မြောက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ဦးသစ်လွင် မောင်းနှင်လာသည့် ဟိုင်းလပ်ကားသည် မြောက်မှ တောင်သို့မောင်းနှင်လာခြင်းဖြစ်ရာ မျက်နှာချင်းဆိုင်တိုက်မိ ခြင်းဖြစ်သည်။
"ယာဉ်တိုက်မှုမှာ မျက်နှာချင်းဆိုင်တိုက်တာ ဖြစ်တဲ့အတွက် ဘယ်သူမှားလဲ ဘယ်သူမှန်လဲ မသိသေးဘူး ။ ဒါ့ကြောင့် နှစ်ဘက်လုံးကို အမှုဖွင့်ထားတယ်" ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစိန်ထွန်းက ပြောသည် ။
၎င်းယာဉ်တိုက်မှုကြောင့် အသက် ၄၈ နှစ်အရွယ် ရဲတပ်ကြပ် သိန်းသန်းထွန်း သေဆုံးခဲ့သည့်အပြင် ယာဉ်ပေါ်တွင်လုံခြုံရေးလိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာများရရှိခဲ့ပြီး တစ်ဖက်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဦးသစ်လွင်သည်လည်း ဒဏ်ရာရရှိခဲ့သည့်အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ နှစ်ဖက်ယာဉ်မောင်းများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄(က) တို့ဖြင့် ချမ်းအေးသာစံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
လုံခြုံရေးရဲကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပွားရာ ရဲတပ်ကြပ်တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
20:59
Rating:
