နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး


နေပြည်တော် ဒီဇင်ဘာ ၁၉

နိုင်ငံခြားငွေလဲလှယ်နှုန်းများ တည်ငြိမ်စေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌဦးကျော်ကျော်မောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်တို့သည် ယနေ့ မွန်းလွဲ (၂) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးသည်။

ထိုသို့ ဆွေးနွေးရာတွင်ယခုအခါ အမေရိကန်ဒေါ်လာသည် တစ်ဖြည်းဖြည်းခိုင်မာလျက်ရှိပြီး ကမ္ဘာ့နိုင်ငံအများစု၏ ငွေကြေး တန်ဖိုးများ အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် ကျဆင်းလျက်ရှိကြောင်း၊ ရှိသင့်ရှိထိုက်သည့် တန်ဖိုးကျဆင်းမှုကို လက်ခံရမည်ဖြစ်သော်လည်း အခွင့်ကောင်းယူ၍ ဆောင်ရွက်နေသူများလည်း ရှိနေသဖြင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို တည်ငြိမ်အောင် တုံ့ပြန် ဆောင်ရွက်လျက်ရှိသည့်အချက် များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အချက်များကို ဆွေးနွေး ကြသည်။

ဆွေးနွေးကြသည့်အချက်များမှာ သွင်းကုန်အပိုင်းတွင် ဇိမ်ခံပစ္စည်းများနှင့် အခြားမရှိမဖြစ် လိုအပ်သည့်ပစ္စည်းများ တင်သွင်းမှုကို သုံးသပ်၍သာ စိစစ်ခွင့်ပြုသွားရန် ကိစ္စ၊ မော်တော်ယာဉ် တင်သွင်းခွင့်ပြုသည့်ကိစ္စ၊ Duty Free Shop နှင့် အလှကုန်ပစ္စည်းများ တင်သွင်းမှုကိုသုံးသပ်၍ စိစစ်ခွင့်ပြုရန်ကိစ္စ၊ ပို့ကုန်အပိုင်းတွင် T/T၊ စနစ်ဖြင့် ဆောင်ရွက်နေမှု အစား L/C စနစ်ကျင့်သုံးမှု တိုးမြင့်စေရေးဆောင်ရွက်ရန်ကိစ္စ၊ ဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီများအနေဖြင့် ပြန်လည် ရင်းနှီး မြှပ်နှံမှုအတွက် ပြည်ပ သို့ ငွေလွှဲဆောင်ရွက်နေမှုအပေါ် စိစစ်ရန်ကိစ္စ၊ Export ရငွေနှင့် Re-export ရငွေများ ပြန်လည်ဝင်ရောက်ခြင်းရှိ။မရှိ စိစစ်ဆောင်ရွက်ရန်ကိစ္စ၊ ပို့ကုန်အပေါ် သင့်တင့်သည့် အခွန်နှုန်းထားများ ဖြေလျော့ပေးရေး အတွက် သုံးသပ်ရန်ကိစ္စ၊ ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအပေါ် အခွန်တိုးမြှင့် ကောက် ခံရေးအတွက် သုံးသပ်ရန်ကိစ္စ၊ ပို့ကုန် ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် ဘဏ်စာရင်းများမှန်ကန်စွာတင်ပြရေး၊ မှန်ကန်စွာ တင်ပြခြင်းမရှိသည့် ကုမ္ပဏီများကို အရေးယူ ဆောင်ရွက်သွားရေးကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး Reviewed by THITHTOOLWIN on 22:38 Rating: 5
Powered by Blogger.