ညဈေးတန်းသစ်ကို ကြိုဆိုပါ


အစိုးရသစ်သက်တမ်းကာလ ၇ လ အကြာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ငွေကျပ် ၂ ဘီလီယံ အကုန်အကျခံ တည်ဆောက်လိုက်တဲ့ ကမ်းနားလမ်းတလျှောက် ညဈေးတန်းသစ်တခုကို နိုဝင်ဘာ ၂၃ ရက်နေ့က တရားဝင်ဖွင့်လှစ်လိုက်ပါပြီ။ မြို့တွင်းလေးမြို့နယ်ဖြစ်တဲ့ (ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်) မြို့နယ်တွေထဲက အစားအသောက်၊ သစ်သီးဆိုင် စုစုပေါင်း ၁၆၀၀ ကို ကမ်းနားလမ်း ညဈေးတန်းမှာ စည်ပင်ရဲ့တရားဝင်မှတ်ပုံတင်နဲ့ ရွှေ့ပြောင်းရောင်းချ ခွင့်ပြုခဲ့ခြင်းပါ။ ဒီလိုဖွင့်လှစ် ရောင်းချခွင့်ပေးလိုက်တာဟာ ရန်ကုန်မြို့လယ်မှာ ယာဉ်ကြောကျပ်တည်းနေတဲ့ ပြဿနာ၊ ပလက်ဖောင်း ပေါ်မှာ လမ်းလျှောက်လို့မရအောင် အခက်အခဲဖြစ်နေတဲ့ အခြေအနေတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပထမအဆင့် ဖြေရှင်းလိုက်တာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေကို အထိုက်အလျောက် လျော့နည်းစေဖို့နဲ့ လမ်းဘေးဈေးသည်တွေကို စည်းကမ်းရှိရှိ၊ စနစ်တကျရောင်းချနိုင်ဖို့ စီစဉ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကမ်းနားလမ်းတလျှောက်မှာ နိုင်ငံတကာဧည့်သည်တွေ လာရောက်စားသောက်နိုင်မယ့် ကျန်းမာရေးနဲ့ညီညွတ်သော အစားအသောက်တွေရရှိနိုင်တဲ့ ညဈေးတန်းဖြစ်ဖို့၊ ရန်ကုန်မြို့လူတန်းစားအသီးသီး လာရောက်အနားယူအပန်းဖြေနိုင်မယ့် နိုင်ငံတကာ အဆင့်မီ ညဈေးတခုအဖြစ် ဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရည်ရွယ်ထားခဲ့တာပါ။ ဒါကြောင့်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီတို့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးကာ စနစ်တကျ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ အစဉ်အဆက်ညဈေးတန်းများရှိခဲ့ပေမယ့် အစိုးရကတာဝန်ယူပြီး စနစ်တကျဆောင်ရွက်ပေး ထားတဲ့ ညဈေးတန်းများမဟုတ်ဘဲ လမ်းဘေးမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြစ်သလို ရောင်းချရတဲ့ ညဈေး တန်းတွေသာရှိခဲ့တယ်လို့ ညဈေးတန်းဖွင့်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

''ကျွန်တော်တို့ အခုတည်ထောင်လိုက်တဲ့ ညဈေးတန်းကတော့ အစိုးရကနေ စနစ်တကျ တည်ဆောက်ပေးတဲ့ ညဈေးတန်း ဖြစ်ပါတယ်''

ဒီလိုနေရာပေးရောင်းချဖို့အတွက် လေးမြို့နယ်ထဲက လမ်းဘေးဈေးသည်တွေကို YCDC က မှတ်ပုံတင် စာရင်းကောက်ခဲ့တာပါ။ မှတ်ပုံတင်စာရင်းအရ လမ်းဘေးဈေးသည် စုစုပေါင်း ၆၄၀၁ ဦးရှိပြီး အဲဒီအထဲကမှ အစားသောက်နဲ့ သစ်သီးဆိုင် စုစုပေါင်း ၁၆၀၀ ကို ညဈေးတန်းကမ်းနားလမ်းတလျှောက်ကို ပြောင်းရွှေ့ကာ နေ့လယ် ၃ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်ပြုထားပါတယ်။ ကျန်တဲ့ဈေးသည် ၄၀၀၀ ကျော်ကို လမ်းအတွင်းထဲကို ရွှေ့ပြောင်းကြဖို့နဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်း၊ ဆူးလေဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်းနှင့် ဘုန်းကြီးလမ်းတွေကိုတော့ ဈေးမရောင်းရနယ်နိမိတ်အဖြစ် သတ်မှတ်ပြီး ဈေးလုံးဝ ရောင်းချခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ စည်ပင်က ကြိုတင်အသိပေးခဲ့ပါတယ်။

ခလုတ်တိုက်မှ ဈေးဝယ်ချင်ကြတာ မြန်မာလူမျိုးတွေရဲ့ ထုံးစံပါပဲ။ ဒါကြောင့်လည်း ဒီညဈေးတန်း ပြောင်းရွှေ့ ရောင်းချသူအချို့ကတော့ ဈေးလုံးဝရောင်းမကောင်းဘူးလို့ ပြောပါတယ်။ ''လူတိုင်းကတော့ ခလုတ်တိုက်မှ ဈေးဝယ်ချင်ကြတာပါ။ လူစည်နေမှလည်း ဈေးရောင်းရတာပါ။ ရုံးဆင်းချိန်၊ အလုပ်ပြန်ချိန်လေးတွေကိုပဲကြည့်ပြီး ရောင်းရတာဆိုတော့ ဒီလိုနေရာမျိုးမှာ ဘယ်သူတွေလာဝယ်ကြမှာလဲ''ဟု ဈေးသည်တဦးက ပြောပါတယ်။

တချို့ကလည်း နံနက်ပိုင်းလေးကို အချိန်သတ်မှတ်ရောင်း ခွင့်ပြုစေချင်ကြပါတယ်။ တချို့ကလည်း အရင်ရောင်းချခဲ့တဲ့နေရာ အကျယ်အ၀န်းအတိုင်း ပြန်လိုနေချင်ကြသလို နေရာကျဉ်းမြောင်းတဲ့အတွက် စေဒကတက်သူတွေ ရှိနေပါတယ်။ သို့သော်လည်း အများပြည်သူပိုင်လမ်းတွေမှာ ဈေးရောင်းချခဲ့တုန်းက ၁၀ ပေပတ်လည်၊ ပေ၂၀ ပတ်လည်လောက် ကျယ်ဝန်းတဲ့ ဧရိယာယူထားပြီး စိတ်ကြိုက်ရောင်းချခဲ့ကြတာပါ။ တရားဝင်တော့ မဟုတ်ဘူးပေါ့။ ယခု ပြန်လည်နေရာချထားပေးရာမှာ အစားသောက်နဲ့ သစ်သီးဆိုင်တွေကို ရောင်းချတဲ့ ကုန်ပစ္စည်းအမျိုးအစားအပေါ်မူတည်ကာ ၄ ပေ ၈ ပေနဲ့ ၄ ပေ ၆ ပေ ပတ်လည်နေရာချထား ပေးခဲ့ပါတယ်။ အခွန်အခအနေနဲ့ ၈ ပေ ပတ်လည်ဆိုင်ခန်းများအတွက် တရက်ကို ရေ၊ မီး၊ သန့်ရှင်းရေးဆောင်ရွက်ခ စုစုပေါင်း ကျပ် ၁၃၀၀၊ ၄ ပေ ၈ ပေနဲ့ ၄ ပေ ၆ ပေ ပတ်လည် ဆိုင်ခန်းများတွေအတွက် တရက်ကို ရေ၊ မီး၊ သန့်ရှင်းရေးဆောင်ရွက်ခ စုစုပေါင်း ၆၅၀ ကျပ်ကိုသာ စည်ပင်သို့ပေးရမည်ဖြစ်ပြီး တနှစ်လုံးအတွက် မှတ်ပုံတင်ကြေးအဖြစ် ၅၀၀ ကျပ်ကောက်ခံထားပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ဒီညဈေးတန်းရဲ့ ရှေ့ဘက်မှာ ဘလောက် တုံးများနဲ့ ကာထားပါတယ်။ ဈေးတန်းရဲ့နောက်ဘက်မှာ ကွန်တိန်နာ ကားတွေ ဖြတ်သန်းနေတဲ့ အမြန်လမ်းရှိနေပါတယ်။ ဒါကြောင့် အဲဒီဈေး တန်းရဲ့အနေအထားအရ ဈေးဝယ်သူတွေ၊ ဈေးရောင်းချသူတွေအတွက် ယာဉ်တိုက်မှုအန္တရာယ်ကတော့ စိုးရိမ်စရာရှိပါတယ်။ လမ်းဖြတ်ကူးပြီး ဈေးတန်းကိုသွားဖို့ ရင်တထိတ်ထိတ်နဲ့ ကူးနေရတာပါ။ သက်ကြီးရွယ်အို တွေအတွက် အဆင်မပြေနိုင်။ ကိုယ်ပိုင်ကားတွေနဲ့ လာရောက်သူတွေ တော့ရှိပါတယ်။ ဈေးတန်းဖွင့်ပြီး ၂ ရက်လောက်မှာပဲ အဲဒီလို အိမ်ကား အချင်းချင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။ ဒါကြောင့် ဒီညဈေးတန်း ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ အစီအမံကောင်းတွေ ချမှတ်သင့်ပါတယ်။ ဒါမှလည်း ညဈေး တန်းမှာ ဈေးရောင်းချနေသူတွေ၊ ညဈေးတန်းကို လာရောက်ကြမယ့် သူတွေအတွက် ယာဉ်အန္တရာယ်စိုးရိမ်မှုကင်းနိုင်မှာ ဖြစ်ပါတယ်။

''ဒီလို နေရာချထားပေးလိုက်တဲ့ ဈေးသည်တွေထဲမှာ မနေ့ တနေ့ကမှ ဈေးထရောင်းတဲ့ ဈေးသည်တွေပါနေသလို တကယ့် ငွေကြေး ချမ်းသာတဲ့လူတွေကလည်း နေရာရနေတာ တွေ့ရပါတယ်။ ကမ်းနား ညဈေးတန်းဆိုတာ စားဝတ်နေရေး အဆင်မပြေလို့ရောင်းချနေတဲ့ ဈေးသည်တွေအတွက် ဖြစ်သင့်ပါတယ်''လို့ သစ်သီးရောင်းချနေသူတဦးက ပြောပါတယ်။

နောက်ပြီး လမ်းဘေးဈေးသည်တွေကြောင့် ယာဉ်ကြောကျပ်တည်း တယ်ဆိုပေမယ့် ပြည်လမ်းမကြီးမှာ လမ်းဘေးဈေးသည်ရှိမနေဘဲ ဘာကြောင့်ယာဉ်ကြောကျပ်တည်းရသလဲလို့ မေးခွန်းထုတ်နေသူတွေ လည်း ရှိနေပါတယ်။ ဈေးသည် ၁၆၀၀ ညဈေးတန်းကို ရောက်သွား ပေမယ့် လမ်းအတွင်းထဲကို ၀င်အရောင်းခိုင်းတဲ့ ၄၀၀၀ ကျော် ဈေးသည် တွေကတော့ အခက်အခဲ ပြဿနာရှိနေပါတယ်။ ရပ်ကွက်လမ်းထဲက ဈေးရောင်းချမှု လက်မခံတာတွေနဲ့ လမ်းအတွင်းမှာရှိတဲ့ အိမ်ပိုင်ရှင်တွေရဲ့ ရပ်နားထားတဲ့ ကားပါကင်တွေကြောင့် ရောင်းချလို့မရ ဖြစ်နေပါတယ်။ ဒီဈေးသည် ၄၀၀၀ ကျော်ရဲ့ အခက်အခဲတွေကိုတော့ စည်ပင်အနေနဲ့ မျက်နှာလွှဲခဲပစ်မလုပ်စေချင်ပါ။ သူတို့အတွက် အဆင်ပြေနိုင်မယ့်နည်းလမ်း လေးလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ စဉ်းစားပေးစေချင်ပါတယ်။

''ဒီညဈေးတန်းမှာ ရောင်းချနေတဲ့ ဈေးသည်တွေ အခက်အခဲပေါ်ပေါက်လာပါက တာဝန်ယူထားတဲ့သူတွေက ဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်''ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောထားခဲ့သလို တရားဝင်မှတ်ပုံ တင်စာရင်းပေးထားတဲ့ လမ်းဘေးဈေးသည်တွေဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ အခွင့်အရေးတွေ တော့ရလိမ့်မယ်လို့ စည်ပင်မှတာဝန်ရှိတဦးက ပြောထားပါတယ်။ ဒါကြောင့်လည်း ညဈေးတန်းရဲ့ လုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ဈေးသည်တွေရဲ့ နေရာအခက်အခဲ ပြဿနာကို တာဝန်ရှိသူတွေက ဒီထက် ကောင်းတဲ့ အစီအမံကောင်းတွေ ချမှတ်သွားဖို့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့လိုပါတယ်။

သို့ပေမဲ့လည်း ဒီညဈေးတန်းသစ်ဟာ အောင်မြင်မှာမဟုတ်ဘူးလို့ သုံးသပ်နေသူတွေလည်း ရှိခဲ့ပါတယ်။ လမ်းဘေးဈေးသည်တွေ ပြဿနာတွေကို ဒီလိုနည်းနဲ့ လွယ်လွယ်ကူကူ ဖြေရှင်းလို့ မရနိုင်ပါဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့အတူ ညနေ ၃ နာရီကနေ ည ၈ နာရီအထိ အချိန်သတ်မှတ်ပေးပြီး ရောင်းခွင့်ပြုခဲ့တာတောင် စည်းကမ်းမလိုက်နာကြတဲ့ ဈေးသည်တွေရှိခဲ့တယ်ဆိုပြီး ထောက်ပြသူတွေလည်း ရှိနေပါတယ်။
ဒီလိုဝေဖန်မှုတွေရှိနေပေမယ့်YCDC မှ တာဝန်ရှိသူတဦးကတော့ ''မဖြစ်ဖြစ်အောင် အောင်မြင်အောင်လုပ်မှာ။ ဒီဈေးကြီးကို နိုင်ငံတကာ အဆင့်မီဖြစ်ဖို့ ငွေကြေး ၂ ဘီလီယံနီးပါးအသုံးပြုထားတာ။ အောင်မြင်အောင်လုပ် မှာ။ သူတို့ဆီက ပြန်ကောက်တယ်ဆိုတာက သူတို့ကို စနစ်တကျနဲ့ ရောင်းစေချင်လို့ အဆင့်မြင့်နဲ့ ရောင်းချတာဖြစ်ဖို့လုပ်တာ။ အဲဒါမှ မဟုတ်တဲ့နေရာကို ပြန်လှည့်ချင်လား။ လှည့်မယ်ဆိုရင်လှည့်တဲ့ သူကို လှည့်တဲ့အတိုင်း သွားခိုင်းမှာ။ တခြားနိုင်ငံတွေမှာ လမ်းဘေး ဈေးသည်တွေက အများပြည်သူကို အနှောက် အယှက်မဖြစ်အောင် ရောင်းတာလေ။ ရောင်းချပြီးရင်လည်း အဲဒီဈေးသည်တွေက အဲဒီနေရာမှာ အမှိုက်တစမှ မကျန်အောင် သိမ်းသွားကြတာ။ အဲဒီပုံစံသွားမှာ။ ဒါကြောင့် တခြားကိစ္စတွေမှာမသုံးဘဲ သိန်းနှစ်သောင်းကို ဒီနေရာမှာ သုံးလိုက်တာ'' ဟု ပြောကြားခဲ့ပါတယ်။

လမ်းဘေးဈေးသည်တွေအနေနဲ့ အစပိုင်းမှာတော့ အခက်အခဲတွေများစွာ တွေ့ကြုံရမှာပဲ။ သို့သော် အရင်တုန်းက ပြေးလွှားရောင်းချ၊ စည်ပင်ရဲ့ မကြာခဏ ဖမ်းဆီးဒဏ်ရိုက်မှုနဲ့ ရောင်းချခဲ့ရတဲ့ဘ၀ကနေ အခုလို အစိုးရက တရားဝင်သတ်မှတ်ပေးလိုက်တဲ့ နေရာမှာသွားပြီး ရောင်းချသင့်ပါတယ်။ တချို့ဈေးသည်တွေကို လည်း မဟာဗန္ဓုလပန်းခြံလမ်းမှာနေရာချထားပေးနေပါပြီ။ ထပ်ပြီးတော့ နေရာတွေရှာနေတယ်လို့လည်း မြို့တော်ဝန်က ပြောကြားထားပါတယ်။ အရင်တုန်းက လမ်းဘေး ဈေးသည်တွေကို အများပြည်သူပိုင်လမ်း တွေမှာ မရောင်းရဘူးဆိုပြီး စည်ပင်ကရှင်းလင်းခဲ့ရာကနေ အခုအစိုးရသစ်လက်ထက်မှာနေရာပေးပြီး ပြောင်းရွှေ့ရောင်းချဖို့ စီမံထားပါပြီ။ နောက်ထပ်နေရာချထားပေးရင်လည်း ဈေးသည်တွေအနေနဲ့ စဉ်းစားဖို့သင့်ပါပြီ။ တိုးတက်ရာတိုးတက်ကြောင်း အပြောင်းအလဲဖြစ်သွားနိုင်တဲ့အတွက် ပြောင်းရွှေ့ရောင်းချသင့်ပါပြီ။

ဈေးသည်တွေရဲ့မိသားစုဘ၀ လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိရောင်းချနိုင်ဖို့အတွက် ရောင်းချခွင့် မှတ်ပုံတင် ကတ်ပြားများ လုပ်ပေးထားပြီးတော့ တဦးမှတဦး လွှဲပြောင်းလို့မရအောင် သေချာစနစ်တကျ လုပ်ဆောင်ထားတယ်လို့ စည်ပင်ကော်မတီဝင်က ပြောကြားထားပါတယ်။ ဒါကြောင့်လည်း ညဈေးတန်းကို ရောက်ရှိသွားတဲ့ ဈေးသည်တွေအနေနဲ့က အစပိုင်းမှာ အခက်အခဲပြဿနာတွေ ကြုံတွေ့မှာဖြစ်ပေမယ့် ဒီနေရာဟာ အစိုးရက စနစ်တကျစီစဉ်ထားပြီး တရားဝင်နေရာ ချပေးထားတာဖြစ်လို့ မြေနေရာကို လွှဲပြောင်း ရောင်းချတာမျိုးမဟုတ်ဘဲ မှန်မှန်ကန်ကန်နဲ့ စည်းကမ်းရှိရှိရောင်းချမယ်ဆိုရင် ဒီနေရာလေးဟာ ကိုယ့်ရဲ့မိသားစု၊ သားစဉ်မြေးဆက်တွေအတွက် ဈေးရောင်းချနိုင်မယ့် အခွင့်အရေး မလွဲမသွေ ရောက်ရှိ လာလိမ့်မယ်လို့ ပြောချင်ပါတယ်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/
ညဈေးတန်းသစ်ကို ကြိုဆိုပါ ညဈေးတန်းသစ်ကို ကြိုဆိုပါ Reviewed by THITHTOOLWIN on 12:17 Rating: 5
Powered by Blogger.