"တခြားသူ အတွက် လူ့ အခွင့်အရေး၊ ဒီကနေ့ကစ ရပ်တည်ပေး"

ဒီနှစ် လူ့အခွင့်အရေး ဆောင်ပုဒ်က တခြားသူ အတွက် လူ့အခွင့်အရေး ဒီကနေ့ က စ ရပ်တည်ပေး
လူ့ ဂုဏ်သိက္ခာ နဲ့ အညီ အစာရေစာ ရရှိ ပိုင်ခွင့် ၊ ငတ်မွတ် ခေါင်းပါးခြင်း ကနေ ကင်းလွတ်ခွင့် ဆိုတာကို လူသားတို့ရဲ့ အခြေခံ အခွင့် အရေး တစ်ရပ် အနေနဲ့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထားကြပါတယ်။

၁၉၄၈ ခုနှစ် တုန်းက ကုလသမဂွ အထွေထွေ ညီလာခံကနေ နိုင်ငံတကာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို အတည်ပြုခဲ့တဲ့ နေ့ ဒီဇင်ဘာ ၁ဝ ရက် နေ့ ကို လူ့ အခွင့်အရေး နေ့ အဖြစ် သတ်မှတ် ထားတာ ဖြစ်ပါတယ်။

ဒီလို လူ့ အခွင့်အရေးနေ့ ရောက်တိုင်း နှစ်စဉ် မတူတဲ့ တောင်းဆိုမှု ၊ ကြွေးကြော်သံ တွေ ပြုလုပ် လေ့ ရှိတာမှာ၊ ဒီနှစ် အတွက်တော့ "တခြားသူ အတွက် လူ့ အခွင့်အရေး၊ ဒီကနေ့ က စ ရပ်တည်ပေး" ဆိုပြီး လူ့ အခွင့်အရေးနေ့ လှုံ့ဆော်တဲ့ ဆောင်ပုဒ် အဖြစ် ကုလသမဂ္ဂ က ကမကထ လုပ် သတ်မှတ် ထားပါတယ်။

လူ့ ဂုဏ်သိက္ခာနဲ့ အညီ နေနိုင်ဖို့ ဆိုတာ အခြေခံ အကျ ဆုံး ကတော့ လုံလောက်တဲ့ လူနေမှု အဆင့်အတန်း နဲ့ နေထိုင် စားသောက် နိုင်ခြင်း ဖြစ်တယ် ၊ တနည်းအားဖြင့် ဆိုရင်တော့ ငတ်မွတ်တဲ့ ဒဏ်က လူတိုင်း ကင်းဝေး သင့်တယ် ဆိုတဲ့ နိုင်ငံတကာ အဓိပ္ပာယ် ဖွင့်ဆိုမှု ရှိနေပါတယ်။

လူတွေ အစာဝဝ စားနိုင်ဖို့ ဆိုတာက အင်မတန် ကြီးမား ကျယ်ပြန့်လို့ ပရဟိတ သမားတွေ တွေတင် မက၊ အစိုးရ ဘက်က လည်း အနည်းဆုံး ကုန်စည် စီးစင်း ပို့ ဆောင်မှု တွေ မှာ အာရုံ စိုက် ကိုင်တွယ် ပေးမယ် ဆိုရင်၊ စိုက်ပျိုးသီးနှံ တွေ ထုတ်လုပ် တဲ့ နေရာက ဈေးနှုန်းနဲ့ ဈေးကွက်ထဲ ရောက်လာတဲ့ အခါ ဈေးနှုန်း ကွာဟမှု လျှော့ချ နိုင်လိမ့် မယ်လို့ နာရေးကူညီတာ၊ ဆေးကုတာ မျိုးလို ပရဟိတ လုပ်ငန်း တွေကို လုပ်ကိုင် နေတဲ့ ရုပ်ရှင်မင်းသား ကိုကျော်သူက အကြံ ပြုပါတယ်။

ဆင်းရဲ ချမ်းသာ ကွာဟ နေတဲ့ ပြဿနာကို အစိုးရက ဖြေရှင်းပေး ရမယ့် ပြဿနာ တရပ်ဖြစ်တယ်လို့ ကိုယ်တိုင်လည်း ပရဟိတ လုပ်ငန်း တွေ ထဲ ထဲထဲဝင်ဝင် ပါခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရန်ကုန်၊ မင်္ဂလာတောင်ညွန့် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဖြူဖြူသင်း က ဆိုပါတယ်။

တတ်နိုင်တဲ့သူက မတတ်နိုင်တဲ့ သူကို အစာအဟာရ မျှဝေ တာကို အရေးတကြီး သဘောထားပြီး ၊ ဆေးရုံလို နေရာမျိုး တွေမှာ အခက်အခဲ ရှိနေတဲ့ လူနာတွေ၊ လူနာ စောင့် တွေကို ထမင်း၊ ဟင်းတွေ ကျွေးတဲ့ ပရဟိတ သမား တွေကို တွေ့လာရတယ် ဆိုပေမယ့်၊ သိပ်တော့ ကျယ်ကျယ်ပြန့်ပြန့် မရှိဘူးလို့ ဒေါ်ဖြူဖြူသင်း က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် ဆင်းရဲတွင်းက မတင်နိုင်သေးတဲ့ မြန်မာ နိုင်ငံက လူအများစု အတွက်ကတော့ လူ့အခွင့်အရေးထဲက အခြေခံ အချက်တခု ဖြစ်တဲ့ အစာရေစာ ရရှိ ပိုင်ခွင့် ဆိုတာ တချက်တည်းနဲ့တင်လို့ အလှမ်းဝေနေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
"တခြားသူ အတွက် လူ့ အခွင့်အရေး၊ ဒီကနေ့ကစ ရပ်တည်ပေး" "တခြားသူ အတွက် လူ့ အခွင့်အရေး၊ ဒီကနေ့ကစ ရပ်တည်ပေး" Reviewed by THITHTOOLWIN on 06:16 Rating: 5
Powered by Blogger.