နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်တို့တွေ့ဆုံ
( ၆-၁၂-၂၀၁၆ ရက်နေ့၊ နေပြည်တော် )
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့အား ဒီဇင်ဘာလ (၆)ရက်နေ့ ယနေ့ နံနက် ၁၁း၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမတွင် တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အနေဖြင့် ၂၉-၁၁-၂၀၁၆ ရက်နေ့မှ ၅-၁၂-၂၀၁၆ရက်နေ့ အထိ ခရီးစဉ်များအတွင်း လေ့လာတွေ့ရှိချက်များအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အားရှင်းလင်းတင်ပြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း အကြံပေးကော်မရှင်အနေဖြင့် လေ့လာ တွေ့ရှိမှုများ အပေါ်မူတည်ပြီး ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု ၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အထောက်အပံ့လုပ်ငန်းများ ဆောင်ရွက်နေမှု၊ NV ကဒ် စိစစ်ထုတ် ပေးမှုလုပ်ငန်းစဉ်၊ ဒေသအတွင်း တစ်နေရာမှတစ်နေရာသို့ လွတ်လပ်စွာ ကူးသန်းသွားလာမှုဆိုင်ရာကိစ္စရပ်များအပါအ၀င် အခြားသောကိစ္စရပ် များတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့် ပတ်သက်သည့် စိန်ခေါ်မှုများ နှင့် ပတ်သက်သည့် အကြံပြုချက်များအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး၊ နိုင်ငံတကာအနေဖြင့် ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်သည့် ပြဿနာ များကိုဖြေရှင်းဆောင်ရွက်နေရသည့် မြန်မာနိုင်ငံအပေါ် အချိန်ယူဆောင်ရွက်ခွင့်ပေးရန် နှင့် နားလည်မှုရှိရန် လိုအပ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
တွေ့ဆုံမှုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုး တက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီများ၏ ဥက္ကဌများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်တို့တွေ့ဆုံ
Reviewed by THITHTOOLWIN
on
15:57
Rating:
