![]() |
( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Channel News Asia ရုပ်မြင်သံကြားဌာနမှ ဒီဇင်ဘာလ ၂ ရက်နေ့က တွေ့ဆုံမေးမြန်းနေစဉ် )Photo: Ministry of Foreign Affairs Myanmar/ Facebook |
စင်ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို မနေ့က ပြန်လည်မထွက်ခွာခင် စင်ကာပူအစိုးရပိုင် Channel News Asia ရုပ်မြင်သံကြားဌာနကို တွေ့ဆုံ မေးမြန်းခွင့်ပြုခဲ့ရာမှာ ရခိုင်ပြည်နယ်က ဒေသခံ အသိုင်းအဝိုင်း ၂ ခုအကြား ဆက်ဆံမှု ပိုမိုကောင်းမွန် ရေး၊ ဒေသအတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ထိန်းသိမ်းရေးတို့အတွက် ကျမတို့ဆောင်ရွက်နေ တာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်း က ပံ့ပိုးကူညီမယ်ဆိုရင် ကျေးဇူးတင် အသိအမှတ်ပြု ရပါလိမ့်မယ်၊ အဲဒီလိုမဟုတ်ပဲ အခြေအနေကို အဆိုးဖက်ကပဲ မြင်နေမယ်ဆိုရင်တော့ ဘာအကျိုးမှ ရှိမှာ မဟုတ်ပါဖူး၊ တကယ်တော့ ဒေသခံရဲတပ်ဖွဲ့ကို လူဆိုးတွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အစိုးရ တပ်ဖွဲ့တွေက စစ်ဆင်ရေးလုပ်နေရတာကို ကမ္ဘာက မမေ့ကြဖို့လိုပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စိုးရိမ်တုန်လှုပ် နေကြရသူတွေဟာ မွတ်စလင်တွေချည်း မဟုတ်ပါဘူး၊ ရခိုင်တိုင်းရင်းသားတွေကလည်း ပူပန် ခြောက်ခြား နေရတာပါပဲ။ အဲဒီဒေသမှာ ရခိုင်လူဦးရေ တနေ့တခြားနည်းပါး ပျောက်ကွယ်သွားမှာကို ရခိုင်လူမျိုးတွေကလည်း ရတက်မအေး ဖြစ်နေကြပါတယ်။ မောင်တောနယ်မြေမှာ ဘာအခက်အခဲမှ မရှိဖူးလို့ ကျမ မပြောပါဖူး၊ ဒါပေမယ့် ပြဿနာတွေကို ပုံကြီးချဲ့ပြီး ပိုဆိုးအောင်လုပ်မယ့်အစား အခက် အခဲတွေကို အသိအမှတ်ပြုပြီး အဖြေရှာတာက ပိုကောင်းပါလိမ့်မယ်လို့ CNA ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ လန်ဒန်အခြေစိုက် AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီဇင်ဘာ ၁ ရက်နေ့မှာ မြန်မာအစိုးရဖွဲ့စည်းခဲ့တဲ့ မောင်တောတိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ပတ်သက်ပြီး အချိန်အတော်နှောင်းမှ ဖွဲ့စည်းခဲ့တဲ့ အဲဒီကော်မရှင်ဟာ လွတ်လပ်မျှတပြီး နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေနဲ့ ကိုက်ညီမှသာ အကျိုးရှိမှာဖြစ်တယ်လို့ မနေ့က ဝေဖန် လိုက်ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဥက္ကဌအဖြစ် ဦးဆောင်မယ့် ဒုသမ္မတ ဦမြင့်ဆွေဟာ ဗိုလ်ချုပ်ကြီး ဟောင်းဖြစ်ပြီး အဖွဲ့ဝင်အဖြစ် ရဲတပ်ဖွဲ့အကြီးအကဲက ပါဝင်မှာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဘက်မလိုက်ပဲ မျှမျှတတ စုံစမ်းဖေါ်ထုတ်မယ်ဆိုတာ ယုံကြည်ဖို့ ခက်ခဲလှတယ်လို့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ မနေ့က လူရာပေါင်းများစွာ စုဝေးပြီး ရခိုင်ပြည်နယ်မှာ မွတ်စလင်ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှုအတွက် ဆန္ဒပြကြတယ်လို့ ဒါကာကလာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
မီးလောင်ရာ လေမပင့်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Reviewed by THITHTOOLWIN
on
10:20
Rating:
