ဝါရှင်တန် ဒီဇင်ဘာ ၁၇
အစ္စလာမ္မစ်နိုင်ငံအဖွဲ့ (အိုင်အက်စ်) ခေါင်းဆောင် အဘူဘာကာအယ်လ် ဘာဒါဒီ၏သတင်းပေးနိုင်သူကို ယခင်ထုတ်ပြန်ထားသည့် ဆုကြေးငွေ၏ နှစ်ဆကျော်ပေးအပ်မည်ဟု အမေရိကန်အစိုးရက ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
ဂျီဟတ်ဝါဒီစစ်သွေးကြွအုပ်စု၏ ထိပ်တန်းခေါင်းဆောင် ဘာဒါဒီအား ဖမ်းဆီးရမိရေး သို့မဟုတ် ပြစ်ဒဏ်စီရင်နိုင်ရေးအတွက် ၎င်းရှိရာနေရာကို သတင်းပေးပို့နိုင်သူအား ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၂၅ သန်း ပေးအပ်မည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသည် အိုင်အက်စ်ခေါင်းဆောင်ကိုဖမ်းဆီး ရမိရေးအတွက် သတင်းပေးသူအား အမေရိကန်ဒေါ်လာ ၁ဝ သန်း ချီးမြှင့် မည်ဟု ၂ဝ၁၁ ခုနှစ် အောက်တိုဘာလအတွင်းက ကြေညာခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် သတင်းပေးနိုင်သူအား ဆုကြေးငွေ တိုးမြှင့်ပေးအပ်မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အိုင်အက်စ်ခေါင်းဆောင် ဘာဒါဒီသည် အီရတ်လူမျိုးတစ်ဦးဖြစ်ပြီး ၎င်း၏ အမည်ရင်းမှာ အီဘရာဟင် အယ်လ် ဆာမာရိုင်း ဖြစ်သည်။
အိုင်အက်စ်ခေါင်းဆောင် နေထိုင်ရာအရပ်ကို တိကျရှင်းလင်းစွာ မသိရသော်လည်း ထွက်ပေါ်နေသောသတင်းများအရ ၎င်းသည် အီရတ် နိုင်ငံအတွင်း အိုင်အက်စ်တို့ သိမ်းယူထားသည့် မိုဆူးမြို့ သို့မဟုတ် အီရတ်နှင့် ဆီးရီးယားနိုင်ငံ နယ်စပ်မျဉ်းနှင့်နီးကပ်စွာရှိနေသည့် အိုင်အက်စ်တို့ လက်ဝယ်ရှိ မိုဆူးမြို့ အနောက်ဘက်နယ်မြေဒေသတွင် ရှိနိုင်သည်ဟု ဆိုသည်။
မိုဆူးမြို့ကို ပြန်လည်သိမ်းယူရန် မဟာမိတ်တပ်ဖွဲ့များက စစ်ရေးအရ ဖိအားပေးတိုက်ခိုက်မှုများပြုမှု၏ အကျိုးဆက်အဖြစ် အိုင်အက်စ် ခေါင်းဆောင် ဘာဒါဒီနှင့် ၎င်း၏ ထိပ်တန်းလက်ထောက်များသည် ယင်းဒေသ ဝန်းကျင်သို့ ရွှေ့ပြောင်းပြီး ၎င်းတို့ကိုယ်ကို ပုန်းကွယ်ရန် ကြိုးပမ်းကြသည်ဟု ကာဒစ်တပ်ဖွဲ့တာဝန်ရှိသူများက ယုံကြည်ထားသည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
အိုင်အက်စ်ခေါင်းဆောင်ဖမ်းဆီးရမိရေး သတင်းပေးသူကို ဆုငွေဒေါ်လာ ၂၅ သန်းပေးမည်ဟု အမေရိကန်ကြေညာ
Reviewed by THITHTOOLWIN
on
08:22
Rating:
