ကရင်ပြည်နယ် ဘားအံမြို့ရှိ ဆံတော်ရှင်ဇွဲကပင်စေတီတော်ရင်ပြင်တွင် သရုပ်ပျက်ကခုန်သူများကို စိစစ် အတည်ပြုပြီး အရေးယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။
''ဒီကိစ္စကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ ကျွန်တော်တို့ ဒီအဖြစ်အပျက်ကို ပြန်လည်စိစစ်ပါ့မယ်။ စိစစ် အတည်ပြုပြီးရင်တော့ ဘယ်လိုပုံစံနဲ့ အရေးယူမလဲဆိုတာ ကျွန်တော်တို့ ထုတ်ပြန်သွားမှာပါ''ဟု ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
ကရင်ပြည်နယ်ရှိ ဆံတော်ရှင်ဇွဲကပင်စေတီတော်ရင်ပြင်ပေါ်၌ နိုင်ငံခြားသားများနှင့် ကရင်အမျိုးသားအချို့တို့ သောက်စားပျော်ပါးကခုန်နေသည့် ဗီဒီယိုဖိုင်တခုကို ကရင်ပြည်နယ် ဘားအံမြို့တော်သတင်း ဖေ့စ်ဘုတ်စာမျက်နှာ၌ ဒီဇင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။
''ဒီလိုဘုရားရင်ပြင်ပေါ်မှာ သရုပ်ပျက်တဲ့ အပြုအမူတွေလုပ်တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။ ကျွန် တော်တို့ ကရင်လူမျိုးပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် အရေးယူဆောင်ရွက်သင့်ပါတယ်''ဟု ကရင်အမျိုးသားတဦးဖြစ်သူ ကိုစောစိုးမိုးက ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် ကရင်ပြည်နယ်သည် နိုင်ငံခြားခရီးသွားများ အများဆုံး လာရောက်လေ့လာလည်ပတ်သည့် ပြည်နယ်တခုဖြစ်ပြီး အထက်ပါကိစ္စများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
''လောလောဆယ် ဒီကိစ္စကို စုံစမ်းရဦးမယ်။ ဘာမှမသိသေးဘူး။ ဒီကိစ္စမှန်တယ်ဆိုရင် ဆရာတော်ကြီးတွေဆီ လျှောက်ရဦးမှာပေါ့။ ဆံတော်ရှင် စေတီတော်ဆိုတာ ကျွန်တော်တို့ ကရင်ပြည်နယ်ရဲ့ ကျက်သရေဆောင် စေတီတဆူပါ။ ဒီလို စေတီတော် ရင်ပြင်မှာ အဲလိုကိစ္စတွေလုပ်တယ်ဆိုရင် စုံစမ်းအတည်ပြုပြီးသွားမယ်။ ပြီးရင် ပါဝင်ပတ်သက်တဲ့သူများကို ထိထိရောက်ရောက်အရေးယူသွားမှာပါ''ဟု ကရင်ပြည်နယ် သာသနာရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။ အဆိုပါဗီဒီယိုဖိုင်သည် ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး ဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်ပြောဆိုလျက်ရှိ သည်။
လင်းယုန်(ဟံသာဝတီ)
News Watch
https://www.facebook.com/NewsWatchJournal/
ဆံတော်ရှင်ဇွဲကပင် စေတီတော်ရင်ပြင်တွင် သရုပ်ပျက်ကခုန်သူများကို စိစစ်အရေးယူသွားမည်
Reviewed by THITHTOOLWIN
on
19:57
Rating:
