တနေ့ လက်ဖက်ရည် တခွက်လျှော့ သောက်ပြီး မျှဝေဖို့ လယ်ဆည်ဝန်ကြီး ပြော

စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ
တနေ့ကို လက်ဖက်ရည် တခွက် လျှော့သောက်ပြီး ခြိုးခြံ ချွေတာဖို့ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ပြောပါတယ်။

အဲဒီလို ခြိုးခြံလို့ ရလာတဲ့ ဘဏ္ဍာတွေကို ဘတ်ဂျက် လိုနေတဲ့ နေရာတွေမှာ သုံးစွဲသွားမှာ ဖြစ်ပြီး ဒီမျှဝေခြင်း အစီအစဉ်ကို သူ့ရဲ့ ၀န်ကြီးဌာနက စလုပ်သွားမှာ ဖြစ်တယ်လို့ လွှတ်တော်မှာ ပြောသွားခဲ့ပါတယ်။

မိမိလျှော့သောက်တဲ့ လက်ဖက်ရည် တခွက်ဖိုးကို ထည့်ဝင် ခြင်းအားဖြင့် မျှဝေ ပေးမယ် ၊ ပိုက်ဆံ ရှိသူတွေက အဲဒီလို လုပ်ပေးမယ် ဆိုရင် ဘတ်ဂျက် လိုနေတဲ့ နေရာတွေမှာ ဖြည့်စွမ်း နိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာ အောင်သူက ဆိုပါတယ်။

ဒီလို အစီအစဉ်မျိုး တောင်ငူ တက္ကသိုလ်မှာ လုပ်ခဲ့ဖူးပြီး ရေအခက်အခဲ ရှိနေချိန်မှာ ၀န်ထမ်းတွေက တက်နိုင်သမျှ ထည့်ဝင်တဲ့ ငွေတွေ ပေါင်းလိုက်တဲ့ အခါ ၁၅သိန်း ရတာကြောင့် အဲဒီတုန်းက ရေသန့်စက် ၀ယ်နိုင်ခဲ့တယ်လို့ လယ်ဆည် ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်က ရှင်းပြပါတယ်။

အခုလိုမျှဝေခြင်းအစီအစဉ်ကို One More ဆိုတဲ့အရပ်ဖက်အဖွဲ့အစည်းက မြန်မာနိုင်ငံမှာ စတင်ဆောင် ရွက်ခဲ့တာ ဖြစ်ပေမယ့် အခု ဝန်ကြီးလုပ်မဲ့ မျှဝေခြင်းအစီအစဉ်ဟာ လက်တွေမကျဘူးလို One More အဖွဲ့ ကို တည်ထောင်ခဲ့သူ ဆရာ မောင်သာချို က ပြောပါတယ်။

သူတို့ လုပ်တုန်းက တယောက် တလ တထောင်ကျပ်စီ ထည့်ဝင်ကာ သုံးလေးနေရာလောက် စုလိုက်တော့ သိန်း တရာ့ငါးဆယ် နီးပါး ရခဲ့ပြီး အဲဒီ လှူဒါန်းငွေနဲ့ လည်ပတ်သွားနိုင်ခဲ့ပေမယ့် လမ်းတွေဖောက် တံတားတွေ ဆောက်ဖို့ လောက်အထိတော့ ဖြစ်နိုင်မယ် မထင်ဘူးလို့ သူက ဆိုပါတယ်။

ဆရာမောင်သာချိုလို ပဲ နိုင်ငံတော်က တာဝန်ယူဆောင်ရွက်ရမဲ့ စီမံကိန်းတွေကို လက်ဖက်ရည်တစ်ခွက် လျော့သောက်ပြီး မျှဝေမဲ့ အစီအစဉ်နဲ့ ဆောင်ရွက်တာဟာ လက်တွေ့ မကျဘူးလို့ လွှတ်တော် ကိုယ်စားလှယ် အများစုက သုံးသပ် ပြောဆိုနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
တနေ့ လက်ဖက်ရည် တခွက်လျှော့ သောက်ပြီး မျှဝေဖို့ လယ်ဆည်ဝန်ကြီး ပြော တနေ့ လက်ဖက်ရည် တခွက်လျှော့ သောက်ပြီး မျှဝေဖို့ လယ်ဆည်ဝန်ကြီး ပြော Reviewed by THITHTOOLWIN on 22:16 Rating: 5
Powered by Blogger.