အရွယ်မရောက်သေးသည့် အိမ်အကူမိန်းကလေးကို အကြိမ်ကြိမ်ခြိမ်းခြောက် မုဒိမ်းကျင့်မှု သတင်းစာရှင်းလင်း


ရန်ကုန်၊ ဒီဇင်ဘာ ၁၇

အရွယ်မရောက်သေးသည့် အိမ်အကူ မိန်းကလေးကို အိမ်ရှင်က ခြိမ်းခြောက်သွေးဆောင်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် မုဒိမ်းကျင့်မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၁၇ ရက်တွင် ရန်ကုန်မြို့ နာနတ်တောလမ်းရှိ Myanmar NGO Network ရုံးခန်း၌ အဆိုပါမိန်းကလေး၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။


ဗဟန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ဇူလိုင်အတွင်းက ဖြစ်ပွားခဲ့သည့် အဆိုပါအမှုမှာ ကြန့်ကြာမှု ရှိနေခြင်းကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

ဗဟန်းမြို့နယ်တွင် အိမ်အကူအဖြစ် တစ်လလျှင် ကျပ် ၄၀၀၀၀ ဖြင့် အလုပ်လုပ်ကိုင်နေစဉ် အိမ်ရှင်၏ မောင်ဖြစ် သူက အကြိမ်ကြိမ်စော်ကားခံရသဖြင့် အဆိုပါအိမ်မှ ထွက်ပြေးရာမှတစ်ဆင့် မိခင်ဖြစ်သူက သိရှိပြီး ဗဟန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရဲစခန်းသို့ တိုင်ကြားရာတွင်လည်း ရဲစခန်းက ချက်ချင်း လက်ခံခဲ့ခြင်း မဟုတ်ကြောင်း အဆိုပါအမှုကို လိုက်လံကူညီနေသူ ဒေါ်စန်းက ပြောသည်။

“စဖွင့်တဲ့နေ့ အဲဒီနေ့တာဝန်ကျတဲ့ရဲအုပ်က အမှုမဖွင့်နဲ့ဦးတဲ့ ဒီဘက်မှာ တိုင်ထားတယ်။ ဒေါ်သီတာငြိမ်းက ဆွဲကြိုးတွေ ယူသွားတယ်။ ပိုက်ဆံတွေ ယူသွားတယ်။ ကောင်လေးတစ်ယောက်နဲ့ လိုက်သွားတယ်ဆိုပြီး အမှုဖွင့်ထားတယ်ဆိုပြီးပြောတယ်။ အဲဒီတော့ ကျွန်မကလည်း ရဲအုပ်ကို ပြောတယ်။ မှန်တယ် ရဲအုပ် ကျွန်မ အဲဒီကိစ္စကို စိတ်မ၀င်စားဘူး။ ကျွန်မကို ဒီမုဒိမ်းမှုကိုပဲ အမှုဖွင့်ပေးဆိုမှ ဖွင့်ပေးတယ်”ဟု ၎င်းက ဆိုသည်။


မိခင်ဖြစ်သူ၏ အကြွေးကြောင့် အိမ်အကူအဖြစ် လုပ်ကိုင်နေစဉ် ယင်းသို့စော်ကားခံရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ဆိုသည်။

“ပြန်မယ်ချည်းပဲ ပြောနေတာ။ မနေချင်ဘူး။ ဒီအိမ်မှာ မနေချင်ဘူးလို့ ပြောနေတာ။ မကြီးက မနေချင်လည်း နေပါ သမီးလေးရယ်။ အမေ့မှာ အကြွေးလေးတွေရှိတယ်။ အကြွေးကျေရင် အမေလာခေါ်မယ်လို့ ပြောခဲ့တာ”ဟု မိခင်ဖြစ်သူက ဆိုသည်။

အဆိုပါအမှုတွင် တရားခံကို ဖမ်းဆီးရမိထားပြီးဖြစ်ကာ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၌ ပြစ်မှုနံပါတ် ၃၂၅၊ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ လက်ရှိတွင် အမှုအား စစ်ဆေးဆဲဖြစ်ပြီး ဒီဇင်ဘာ ၂၁ရက်တွင် စတုတ္ထအကြိမ်မြောက် ရုံးချိန်း ချိန်းဆိုထားကြောင်း သိရသည်။

သဇင်လှိုင်
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
အရွယ်မရောက်သေးသည့် အိမ်အကူမိန်းကလေးကို အကြိမ်ကြိမ်ခြိမ်းခြောက် မုဒိမ်းကျင့်မှု သတင်းစာရှင်းလင်း  အရွယ်မရောက်သေးသည့် အိမ်အကူမိန်းကလေးကို အကြိမ်ကြိမ်ခြိမ်းခြောက် မုဒိမ်းကျင့်မှု သတင်းစာရှင်းလင်း Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.