ထိုင်းနိုင်ငံ သံရုံးက အလည်အပတ် ဗီဇာကြေး ကင်းလွတ်ခွင့်ပြု


ထိုင်းနိုင်ငံကိုအလည်အပတ်ဗီဇာရယူပြီး သွားရောက်ချင်သူတွေအနေနဲ့ အလည်အပတ်ဗီဇာကြေး ကင်းလွတ်ခွင့်ကို(၂၀၁၆)ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်နေ့ကနေ (၂၀၁၇)ခုနှစ်ဖေဖော်ဝါရီလကုန်အထိ(၃)လတာ ခွင့်ပြုပေးနေတယ်လို့ရန်ကုန်မြို့ ထိုင်းနိုင်ငံသံရုံးမှ စုံစမ်းသိရပါတယ်။

 လက်ရှိ မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်လိုတယ်၊ အဲလိုသွားရောက်လည်ပတ်တာဟာ ၁၄ ရက်မကြာဘူး ဆိုရင်တော့ ဗီဇာယူစရာ မလိုပါဘူး။ (၁၄)ရက်ထက် ကျော်လွန်ပြီး နေထိုင်သူတွေသာ ထိုင်းသံရုံးမှာ ပုံမှန်အတိုင်း ဗီဇာလျှောက်ထားရပြီး ဗီဇာကြေး ဒေါ်လာ(၄၀)ပေးသွင်းရတာ ဖြစ်ပါတယ်။

 ဒါ့အပြင် ထိုင်းနိုင်ငံကို နယ်စပ်ဝင်ပေါက်တွေကနေ တစ်ဆင့် ၀င်ရောက်လိုသူတွေဟာလည်း ရန်ကုန် ထိုင်းသံရုံးကနေ အလည်အပတ် ဗီဇာလျှောက်ထားရယူပြီးမှ သွားရတာ ဖြစ်ပါတယ်။

အခုလို အလည်အပတ် ဗီဇာကြေး ကင်းလွတ်ခွင့်ပြုလိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာ (၁၄) ရက်ကျော်ပြီး နေထိုင်လည်ပတ်မယ့်သူတွေ၊ နယ်စပ်ဝင်ပေါက်ကနေ သွားရောက်မယ့်သူတွေအတွက် အဆင်ပြေနိုင်ကြောင်း စုံစမ်း သိရပါတယ်။

 ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်အရ သက်ဆိုင်ရာ နိုင်ငံတွေဆီအလည်အပတ်သွားမယ့်သူတွေ အနေနဲ့ (၁၄) ရက်ထက် မကျော်ဘူးဆိုရင် ဗီဇာလျှောက်ထားဖို့ မလိုအပ်ပါဘူး။ အဲဒီလို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို (၂၀၁၅)ခုနှစ်၊ သြဂုတ်(၁၁)ရက်က စတင်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

 အလည်အပတ်နဲ့ မဟုတ်ပဲ အခြား စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စတွေနဲ့ သွားရောက်မယ့်သူတွေကတော့ ပုံမှန်အတိုင်း ဗီဇာ လျှောက်ထားရမှာဖြစ်ပြီး သတ်မှတ်ဗီဇာကြေးလည်း ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureauက နှင်းယုခိုင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ထိုင်းနိုင်ငံ သံရုံးက အလည်အပတ် ဗီဇာကြေး ကင်းလွတ်ခွင့်ပြု ထိုင်းနိုင်ငံ သံရုံးက အလည်အပတ် ဗီဇာကြေး ကင်းလွတ်ခွင့်ပြု Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.