လက်ပံတန်း ဈေးထဲက ပျံကျဈေးသည်နဲ့ စည်ပင် မကျေလည်မှုကို ရေးခဲ့သူ ပုဒ်မ ၆၆ ဃနဲ့ အဖမ်းခံရ

 Facebook ပေါ်တင်တာတွေဟာ တစုံတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ် ဆိုရင် ရဲက အရေးယူနိုင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်း မြို့နယ် လူငယ် တာဝန်ခံ ကိုငြိမ်းချမ်း ဟာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် အဖမ်း ခံ ခဲ့ ရပါတယ်။

အခု လပိုင်းတွေထဲ ပုဒ်မ ၆၆ ဃ အသုံးပြု ပြီး တရားစွဲဆို ဖမ်းဆီး တဲ့ အမှုတွေ များ လာတဲ့ လာနေတဲ့ အတွက် လူအများကြား ဝေဖန် ဆွေးနွေး စရာ ဖြစ်လာ ချိန်မှာပဲ၊ အခုလို အာဏာရ ပါတီက သူတစ်ဦး အဖမ်း ခံရတာ ဖြစ်ပါတယ်။

လက်ပံတန်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဝင် တစ်ယောက် ကနေ NLD လူငယ် တာဝန်ခံ ကိုငြိမ်းချမ်း ကို ပြီးခဲ့တဲ့ စက်တင်ဘာ လ တုန်း ကတည်းက ရဲစခန်းမှာ ပုဒ်မ ၆၆ ဃ နဲ့ အမှု ဖွင့် ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေး နေ့ တုန်းက ရဲစခန်းက ကိုငြိမ်းချမ်းကို ဆင့်ခေါ်ခဲ့ပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ အမှု မြောက်ကြောင်း တွေ့ရှိတယ် ဆိုကာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အင်္ဂလိပ်လို စာလုံးပေါင်း ထားတဲ့ Chit Nyein Chan ဆိုတဲ့ နာမည်နဲ့ ကိုငြိမ်းချမ်း သုံးစွဲတဲ့ ဖေ့စ်ဘွတ် အကောင့် ကနေ တင်ခဲ့တဲ့ ဓာတ်ပုံနဲ့ စာသား တွေ ကြောင့် အမှု ဖွင့် ခံရတာ ဖြစ်ပါတယ်။

ဒါပေမယ့် စည်ပင်သာယာ ကော်မတီ ဝင် တစ်ဦးကို၊ NLD ပါတီ ဝင် တစ်ဦးက ဝေဖန် တာမျိုး မဟုတ်ပဲ ၊ ပုဂ္ဂိုလ်ရေး ပြဿနာ ဖြစ်တယ်လို့ လက်ပံတန်း မဲဆန္ဒနယ်က ရွေးကောက် တင်မြှောက် ခံထားရတဲ့NLD ပါတီ ရဲ့ ပြည်သူ့ လွှတ်တော် အမတ် ဦးကျော်မင်းက ဘီဘီစီ ကို ပြောပါတယ်။

လက်ပံတန်း ဈေးထဲက ပျံကျ ဈေးသည် တွေနဲ့ စည်ပင်သာယာ ကော်မတီ ဝင် တစ်ဦး အကြား မကျေမလည် ဖြစ်တာ ကနေ၊ ကိုယ်တိုင် ဈေးသည် တစ်ဦး ဖြစ်တဲ့ ကိုငြိမ်းချမ်း က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဝေဖန် ရေးသား ခဲ့တာ လို့ ဦးကျော်မင်းက ဆိုပါတယ်။

ပါတီ နဲ့ မပတ်သက်ပဲ ပုဂ္ဂိုလ် ရေး ပုံစံ မျိုး ဖြစ် နေတဲ့ အတွက် NLD အနေနဲ့ အမှု ထဲမှာ တစုံတရာ ဝင်ရောက် စွက်ဖက်ဖို့ မဖြစ် နိုင်ပေမယ့်၊ ဒေသခံ ပါတီ ဝင် တွေ အနေနဲ့ ကတော့ အမှု အခြေအနေကို စောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။

ကိုငြိမ်းချမ်း ဟာ လက်ရှိ လက်ပံတန်း NLD လူငယ် တာဝန် ခံ လို့ ဆိုပေမယ့်၊ နှုတ်ထွက်စာ တင်ထားသူ ဖြစ်တယ်လို့ ဦးကျော်မင်း က ပြောပါတယ်။

ဒါပေမယ့်၊ အဲဒီလို နှုတ် ထွက်စာ တင်တာဟာ၊ ဒီ အမှု ကိစ္စ ပေါ်ပေါက် လာပြီး မှ ပါတီကို မထိခိုက် စေလိုတဲ့ အတွက် တင်တာလား၊ အရင် ကတည်းကလား ဆိုတာ ကိုတော့ ကွဲကွဲပြားပြား မသိ ရပါဘူး။

ဖေ့စ်ဘွတ် ပေါ် တင်တဲ့ ဓာတ်ပုံတွေ စာသား တွေဟာ၊ ပုဂ္ဂိုလ်ရေး ဂုဏ် သိက္ခာ ထိခိုက် စေတယ်၊ အသေရေ ပျက်စေတယ် ဆိုပြီး၊ တစ်ယောက်ယောက်က ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ သုံးပြီး၊ အမှုဖွင့် ပြီ ဆိုရင် အာမခံ မရ ပဲ ဖမ်းဆီး ချုပ် နှောင် ခံရပါတယ်။

ဒီ အခြေအနေ ဟာ လူ အများကြား ဝေဖန် ဆွေးနွေး စရာ ဖြစ်လာ ခဲ့ပြီး၊ ဒီ ဥပဒေ ပြင်ဆင် ပြောင်းလဲမှု လှုပ်ရှား မှုတွေ လည်း ထွက်ပေါ် လာပါတယ်။

၆၆ ဃ ကြောင့် လက် ရှိ ဖမ်းဆီး ခံ ထားရသူ အယောက် ၂ဝ ဝန်းကျင် ရှိပြီး၊ အမှု ရင်ဆိုင် နေရသူ ၁ဝ ကျော် ရှိနေတယ်လို့ ၆၆ ဃ ပြင်ဆင်ရေး လှုပ်ရှား တက်ကြွ သူလည်းဖြစ်၊ ကိုငြိမ်းချမ်း အမှု လိုက်ပါ ကူညီပေးဖို့ ကိုယ်တိုင် လက်ပံတန်းကို လိုက်သွားခဲ့တဲ့ ကိုထင်လင်းအောင်က ပြောပါတယ်။

ကိုငြိမ်းချမ်း အမှုကိုတော့ တရားရုံးက လာမယ့် ဒီဇင်ဘာ ၂၂ မှာ ရုံးထုတ် စစ်ဆေးမယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese/burma-38348946
လက်ပံတန်း ဈေးထဲက ပျံကျဈေးသည်နဲ့ စည်ပင် မကျေလည်မှုကို ရေးခဲ့သူ ပုဒ်မ ၆၆ ဃနဲ့ အဖမ်းခံရ လက်ပံတန်း ဈေးထဲက ပျံကျဈေးသည်နဲ့ စည်ပင် မကျေလည်မှုကို ရေးခဲ့သူ ပုဒ်မ ၆၆ ဃနဲ့ အဖမ်းခံရ Reviewed by THITHTOOLWIN on 05:46 Rating: 5
Powered by Blogger.