ထီးချိုင့် ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာတွင်ရှိသော သကြားစက်သည် ယခုတိုင်အောင် စက်ရုံမှ အညစ်အကြေးများကို ဧရာဝတီမြစ်ထဲ သို့ မြေအောက်လိုင်းဖြင့် စွန့်ထုတ်နေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သြဂုတ် ၁၆ ရက်က စစ်ဆေး တွေ့ရှိခဲ့၍ ဆက်လက်လုပ်ဆောင်ပါက ပိတ်သိမ်းရန် ညွှန်ကြားခဲ့သော်လည်း ဧရာဝတီ မြစ်ထဲသို့ ဆက်လက်စွန့်ထုတ်နေကြောင်း သိရသည်။
ယခုအခါတွင် အညစ်အကြေးစွန့်မြောင်း မှထွက်ပေါက်ကို သံခွန်သမ္ဗန်ဖြင့်ဖုံးထားပြီး စွန့်ထုတ်သော်လည်း ရေ၏ အရောင်မှာ သိသာလွန်း၍ စွန့်ပစ်ရည်ကြောင့် ရေနေသတ္တဝါများ သေကျေပျက်စီးရကြောင်း၊ မြစ်ရေကျချိန်ပေါ် လာသော ကျွန်းမြေများတွင် စိုက်ပျိုးသော သီးနှံများ အထွက်လျော့လာကြောင်း ဒေသခံများက ပြောသည်။
မောင်းကုန်းသကြားစက်မှ အညစ်အကြေးအနံ့များသည် ကျေးရွာပတ်ဝန်းကျင် ၁၆ မိုင်ကျော် ပျံ့နှံ့၍ အနံ့ရှူမိ ပါက တချို့မှာ မူးဝေအော့အန်သည်အထိ ဖြစ်ရပြီး စက်ရုံမီးခိုးမှပြာများ လူ့အရေပြား ပေါ်ကျပါက ယားယံကြောင်း၊ သီးနှံများပေါ် ကျပါက အသီးမဖြစ်ထွန်းတော့ကြောင်း ဒေသခံများက ပြောသည်။
အေးလွင်(ကသာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ထီးချိုင့်မြို့နယ် မောင်းကုန်းရွာရှိ သကြားစက်မှ အညစ်အကြေးများကို ဧရာဝတီမြစ်ထဲယခုတိုင်စွန့်ထုတ်
Reviewed by THITHTOOLWIN
on
07:50
Rating:
