မြောက်ဒဂုံမှာ ဖုန်း လုယက်သူ ၂ ဦးအား ချက်ချင်းဖမ်းဆီးရမိ

ဖုန်းလုယက်ခံရကြောင်း ရဲစခန်းသို့ဆက်သွယ်အကြောင်းကြားချက်အရ လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက လုယက်သူ ၂ ဦးအား ချက်ချင်းဖမ်းဆီးရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၁

၁၈.၁၂.၂၀၁၆ ရက်နေ့ ၀၀း၃၀ အချိန်ခန့်တွင် ဒလမြို့နယ်နေ ကိုကျော်မင်းခန့်သည် ၎င်းမောင်းနှင်သည့် အငှားယာဉ်အား မောင်းနှင်လာခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းအရောက် အိပ်ငိုက်လာ၍ ကားအားလမ်းဘေးတွင် ခေတ္တရပ်၍ နားနေစဉ် အမျိုးသားလူငယ် ၂ ဦး ရောက်ရှိလာပြီး “ကားအားလား”ဟု မေးမြန်းကာ ဒိုင်ခွက်ပေါ်တွင်တင်ထားသော HUAWEI G 730 အမျိုးအစား လက်ကိုင်ဖုန်းအား ယူဆောင်ထွက်ပြေးသွားကြောင်း ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့ပါသည်။

ယင်းသို့ ဖုန်းလုယက်ခံရကြောင်း သတင်းရရှိသည်နှင့် တစ်ပြိုင်နက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ ရဲစခန်းမှ လှည့်ကင်းတာဝန် ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက ဖုန်းလုယက်ယူဆောင်သွားသူများအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ ၀၀း၄၀ အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနှင့် ဦးပြုံးချိုလမ်းထောင့်တွင် မြောက်ဥက္ကလာပမြို့နယ်နေ မျိုးဇော်ထွန်း၊ (၂၅)နှစ်နှင့် မရမ်းကုန်းမြို့နယ်နေ သီဟအောင်၊ (၂၆)နှစ်တို့(၂)ဦးအား ၎င်းတို့လုယက်ဆောင်သွားသော လက်ကိုင်ဖုန်းနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့ပါသည်။

၎င်းတို့ ၂ ဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၂၁၈၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး အခြားခိုးမှု၊ လုယက်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
မြောက်ဒဂုံမှာ ဖုန်း လုယက်သူ ၂ ဦးအား ချက်ချင်းဖမ်းဆီးရမိ မြောက်ဒဂုံမှာ ဖုန်း လုယက်သူ ၂ ဦးအား ချက်ချင်းဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.