နိုင်ငံခြားသားနှင့် လက်ထပ်ရန် အိမ်ထောင်မရှိသူဖြစ်ကြောင်း ထောက်ခံချက် တောင်းခံသည့် မြန်မာအမျိုးသမီးဦးရေ များလာ


 နိုင်ငံခြားသားနှင့်လက်ထပ်ရန်အတွက် အိမ်ထောင်မရှိသူဖြစ်ကြောင်း ထောက်ခံချက်တောင်းခံသည့် အမျိုးသမီများ များပြားလာနေသည်ကို စိစစ်တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးကျော်တင်က ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။ ပုဇွန်တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၏ နိုင်ငံကြားရေးဝန်ကြီးဌာနမှ အပျို၊ လူပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာ(နိုတြီ)အပေါ် ထောက်ခံချက်ပေးရန် ငြင်းဆန်နေခြင်းကို ဖျက်သိမ်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၄ ရက်တွင် ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကျမ်းကျိန်လွှာပြုလုပ်သူ၊ အထူးသဖြင့် အိမ်ထောင်မရှိသူဖြစ်ကြောင်း ကျမ်းကျိန်လွှာပြုလုပ်သူ အများစုသည် အမျိုးသမီးများဖြစ်ပြီး ပြည်ပနိုင်ငံများတွင် နိုင်ငံခြားသားများနှင့် လက်ထပ်ထိမ်းမြားရန်အတွက် ပြုလုပ်သူများဖြစ်ကြောင်း၊ အများအားဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားသားများနှင့် လက်ထပ်ရန် ရည်ရွယ်၍ ဆောင်ရွက်ကြခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ မြန်မာအမျိုးသမီးများအား ငွေကြေးဖြင့် ဖြားယောင်းသွေးဆောင်၍ အမျိုးသားဂုဏ်သိက္ခာကို စောင့်ထိန်းခြင်းမရှိဘဲ နိုင်ငံခြားသားဖြင့် လက်ထပ်စေကာ ပြည်ပသို့ခေါ်ဆောင်သွားသော အစီအစဉ်များ ပြုလုပ်လျက်ရှိကြကြောင်း ဦးကျော်တင်က ပြောကြားခဲ့သည်။

ပြည်ပင်နိုင်ငံခြားတွင် လက်ထပ်မည့်အမျိုးသား သို့မဟုတ် အမျိုးသမီးသည် အိမ်ထောင်မရှိသူဖြစ်ကြောင်း ထောက်ခံချက်ရယူရန် မြန်မာနိုင်ငံသို့ ပြန်လာရပြီး တရားသူကြီး၏လက်မှတ်နှင့် တံဆိပ်တုံးကို ရယူရကြောင်း၊ တရားသူကြီး၏ထောက်ခံချက်လက်မှတ်ရယူပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ထပ်ဆင့်တင်ပြအတည် ပြုထောက်ခံချက်ရယူရကြောင်း သိရသည်။

''ခု နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ခံချက်မပေးဘူး။ မပေးတော့ ဘာတွေဖြစ်လဲဆိုတော့ ဗမာမတွေ၊ ဗမာယောကျာ်းတွေက နိုင်ငံခြားကိုသွားတယ်။ အိမ်ထောင်ပြုဖို့ ကြိုးစားကြတယ်။ ထောက်ခံချက်ပေးမထားတဲ့ အတွက် နိုင်ငံခြားသားတွေနဲ့ယူတဲ့အခါမှာ တရားမ၀င်မယားတွေဖြစ်ကုန်တယ်။ ဖြစ်ကုန်တဲ့အခါကျတော့ အမွေဆက်ခံခွင့်တွေ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်တွေ၊ ဥပဒေပါအခွင့်အရေးတွေ အကုန်ဆုံးရှုံးတယ်။ အဲဒီလို ဆုံးရှုံးတာတွေ တော်တော်များနေကြပြီဆိုတာ ကျွန်တော်က သိတယ်။ ဒါကြောင့်မို့ ဒီမေးခွန်းကို ပေးရတာ ဖြစ်ပါတယ်''ဟု ဦးမြင့်လွင်က ပြောကြားသည်။

မြန်မာအမျိုးသမီးများအနေဖြင့် နိုင်ငံခြားသားများနှင့်လက်ထပ်၍ ပြည်ပသို့ လိုက်ပါသွားပြီးနောက် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မှ တားဆီးကာကွယ်သည့်အနေဖြင့် ထိုကဲ့သို့သော ကျမ်းကျိန် လွှာများကို ဆောင်ရွက်ပေးခြင်းမပြုရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ ညွှန်ကြားချက်အမှတ် (၂/၉၈) အရ လိုက်နာဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ဒုဝန်ကြီးဦးကျော်တင်က ပြောကြားခဲ့သည်။

မင်းထင်
News Watch
https://www.facebook.com/NewsWatchJournal/
နိုင်ငံခြားသားနှင့် လက်ထပ်ရန် အိမ်ထောင်မရှိသူဖြစ်ကြောင်း ထောက်ခံချက် တောင်းခံသည့် မြန်မာအမျိုးသမီးဦးရေ များလာ  နိုင်ငံခြားသားနှင့် လက်ထပ်ရန် အိမ်ထောင်မရှိသူဖြစ်ကြောင်း ထောက်ခံချက် တောင်းခံသည့် မြန်မာအမျိုးသမီးဦးရေ များလာ Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.