နေပြည်တော်၊ ဒီဇင်ဘာ ၁၇။
နေပြည်တော်၊ ရန်ကုန် - မန်းလေး အမြန်လမ်းအဟောင်းတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၅ နာရီခွဲ အချိန်က Octane ဆီသယ်ယာဉ်ကြီးနှင့် ဘိလပ်မြေတင်ဆောင်လာသည့် ၂၄ ဘီးနောက်တွဲယာဉ်တိုတိုက်မိခဲ့ကြောင်း ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ရောက်ရှိသတင်းရယူခဲ့သည့် AHN သတင်းထောက်က ယနေ့ မနက်ပိုင်းတွင် သတင်းပေးပို့သည်။
“ဗြုန်းကနည်းဆိုပြီးကြားတာပဲ။ ဒါနဲ့ ခြံအပြင်ထွက်ကြည့်တော့မှ ဆီသယ်ကြီးဖြစ်နေတာ တွေ့ရတာ။ ဆီတွေဆို အများကြီးပဲ ဘေးနားက လယ်ကွက်ထဲရော ၊လမ်းမပေါ်ရောမှာ အိုင်နေတာပဲ”ဟု ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာအနားရှိ ဒေသခံတစ်ဦးက AHN သို့ ပြောသည်။
ယာဉ်တိုက်မှုသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ၀င်ပြန်ကျေးရွာရှေ့ ၊မိုင်တိုင်အမှတ် (၂၆၅/၇)နှင့် (၂၆၆/၀) ကြား ၊ရန်ကုန် - မန္တလေး ကားလမ်းမပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တပ်ကုန်းမြို့ဘက်မှ ပျဉ်းမနားမြို့သို့ မောင်းနှင်လာသည့် ဘိဘပ်မြေတင် နောက်တွဲကားနှင့် ပျဉ်းမနားမြို့ဘက်မှ တပ်ကုန်းမြို့ဘက်သို့ မောင်းနှင်လာသည့် ဆီဘောက်ဆာ နောက်တွဲကားတို့ အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ကြခြင်းဖြစ်ကြောင်းအခင်းဖြစ်နေရာတွင်ရောက်ရှိနေသည့် တာဝန်ကျ ယာဉ်ထိန်းရဲ ဌာနမှ ဒုရဲအုပ် အေးဇော်ဝမ်းက AHN သို့ပြောသည်။
ဘိလပ်မြေတင်ဆောင်မောင်းနှင်လာသည့် ကားမှ ယာဉ်မောင်းသည် ညာဘက်လက်၊ ညာခြေသလုံးပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ကြောင်း၊ဆီသယ်တင်ယာဉ်မှ ယာဉ်မောင်းနှင့် စပယ်ယာသည် ကားခေါင်းတွဲတွင် ညှပ်နေခဲ့၍ ဆွဲထုတ်ခဲ့ရပြီး ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း၊၄င်းတို့ နှစ်ဦးမှာစကားမပြောနိုင်၊ မေး၍ မရဖြစ်နေသောကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးနေကြောင်း ဒုရဲအုပ်အေးဇော်ဝမ်းကပြောသည်။
မီးလောင်မှု ဖြစ်ပွားမည်စိုး၍ အခင်းဖြစ်နေရာတွင် မီးသတ်ကား လေးစင်းရောက်ရှိနေရာယူထားကြောင်းလည်း AHN သတင်းထောက်ကပြောသည်။
နွယ်လေး (AHN -NPT)
PHOTO - (NW -AHN)
The Asia Heart News
နေပြည်တော်တွင် ၂၄ ဘီး နောက်တွဲ ဆီသယ်ယာဉ်ကြီးနှင့် ဘိဘပ်မြေတင်ယာဉ်တို့ တိုက်မိ
Reviewed by THITHTOOLWIN
on
19:49
Rating:
