တိုက်ကြီးမြို့နယ် ဥက္ကံချောင်းဘေး၌ တောဆင်ရိုင်းအား သတ်ဖြတ်ခဲ့သူ ဆင်မုဆိုးငါးဦး ဖမ်းဆီးရမိ


တိုက်ကြီး ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံချောင်းတွင် တောဆင်ရိုင်း တစ်ကောင် သတ်ဖြတ်ခဲ့သော ဆင်မုဆိုး ငါးဦးကို ဒီဇင်ဘာ ၁ ရက် ည ၁ဝ နာရီ မိနစ် ၅ဝ က ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက်တွင် ဥက္ကံမြို့ချောင်းစောက်ကျေးရွာ အရှေ့ ဘက် ဥက္ကံချောင်းဘေးတွင် တောဆင် ရိုင်းတစ်ကောင်၏ ဦးခေါင်းပိုင်းနှင့် ပေ ၃ဝဝ ခန့်အကွာ၌ တောဆင်ရိုင်း၏ ခန္ဓာ ကိုယ် အပိုင်းတို့တွေ့ရှိရမှုနှင့်ပတ်သက်၍ ဆင်မုဆိုးများက ဆင်နှာမောင်း၊ ဆင်စွယ်၊ သားရေတို့အား ခွာယူထားခဲ့ပြီး ဥက္ကံ ချောင်းရေတက်ချိန်တွင် မျောပါလာ သည်ဟု ယူဆရသဖြင့် ဥက္ကံနယ်မြေ ရဲစခန်းက အမှုဖွင့်ထားသော အမှု ဖြစ်သည်။

သတင်းပေးချက်အရ ပြစ်မှု ကျူးလွန်သူများအား စုံစမ်းစစ်ဆေးနိုင် ရေးအတွက် ဒီဇင်ဘာ ၁ ရက်က ဥက္ကံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်၊ ဥက္ကံနယ်မြေရဲစခန်းမှူး ရဲအုပ်သန်းနိုင်၊ တိုက်ကြီး ဥက္ကံသစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်မြတ်နှင့် သစ်တော ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဥက္ကံမြို့ ချောင်းစောက်ကျေးရွာ အုပ်စုအတွင်းရှိ မအူခုံ၊ လျှော်ပုံ၊ ကျောက်ပြင်တာကျေးရွာများသို့ သွား ရောက်ပြီး သတင်းရရှိရေး စုံစမ်းခဲ့ရာ ဖိုးလုံး(၆ဝ နှစ်)၊ ဇော်လေး(ခ)ဇော်လင်း (၄၃ နှစ်)၊ သန်းလင်း(၅ဝ နှစ်) မအူခုံရွာ ချောင်းစောက်ကျေးရွာ အုပ်ချုပ်ရေးမှူး တို့အား ည ၁ဝ နာရီ မိနစ် ၅ဝ က ဖမ်းဆီး ရမိခဲ့ပြီး ဆက်လက်ဖော်ထုတ်ဖမ်းဆီးရာ ဒီဇင်ဘာ ၂ ရက်တွင် ဇော်ခင် (၃၈ နှစ်) ကျောက်ပြင်တာ ရွာနေသူအား ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ဥက္ကံရဲစခန်းတွင် စစ်ဆေး လျက်ရှိသည်။

ထပ်မံ၍ သန်းဇော်(၄ဝ နှစ်) ကျောက်ပြင်တာရွာနေသူအား ဖမ်းဆီး ခဲ့သည်။ ဖိုးလုံး၏ ဖော်ထုတ်ချက်အရ ၄င်းအိမ်၏ ပဲစင်ပေါ်မှ ပလတ်စတစ်ဘူး ဖြင့် ထည့်ထားသော ဆင်သားခြောက် နှစ်ပိဿာ သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ချောင်းစောက်ကျေးရွာ အုပ်ချုပ်ရေးမှူး သန်းလင်းသည် ဆင် မုဆိုးအဖွဲ့အား ညအချိန် ရိက္ခာများပံ့ပိုး လျက်ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်။ ကွင်းဆက်ပြစ်မှုကျူးလွန်သူများ ဖြစ်သော ထွန်းနိုင်ဦး၊ အောင်နိုင်စိုး ဆင်မုဆိုး ကျော်စိုး၊ ဇော်မျိုးနိုင်၊ တင်ထွေး တို့အား ဆက်လက်ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။

ထွန်းလှိုင်(တိုက်ကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တိုက်ကြီးမြို့နယ် ဥက္ကံချောင်းဘေး၌ တောဆင်ရိုင်းအား သတ်ဖြတ်ခဲ့သူ ဆင်မုဆိုးငါးဦး ဖမ်းဆီးရမိ တိုက်ကြီးမြို့နယ် ဥက္ကံချောင်းဘေး၌ တောဆင်ရိုင်းအား သတ်ဖြတ်ခဲ့သူ ဆင်မုဆိုးငါးဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:21 Rating: 5
Powered by Blogger.