မုံရွာမြို့မှာ အသတ်ခံခဲ့ရတဲ့ Eleven Media group က နယ်မြေခံသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ အမှုပေါ်ပေါက်ဖို့ နီးစပ်ပြီလို့ မုံရွာမြို့ မြို့မရဲစခန်းမှူး ရဲမှူး သိန်းဆွေမြင့်က ပြောပါတယ်။
အမှုပေါ်ပေါက်ဖို့ သတင်းရရှိရေးအတွက် လူ (၃၀)ကျော်ကို စစ်ဆေးခဲ့ရာ ဒီဇင်ဘာ (၁၉)ရက်က စစ်ဆေးခဲ့တဲ့သူတွေအနက် မသင်္ကာသူ နှစ်ဦးကို ဒီဇင်ဘာ (၁၉)ရက်ကနေ (၂၀၁၇) ဇန်နဝါရီ (၂)ရက်အထိ ရမန်ယူကာ စတင်စစ်ဆေးနေပြီး ဒီဇင်ဘာ (၂၀)ရက်မှာ အမှုနဲ့သက်ဆိုင်တယ်လို့ ယူဆရတဲ့ KTV တစ်ခုက သစ်သားတုတ်တစ်ချောင်း ထပ်မံသိမ်းဆည်းခဲ့ပါတယ်။
ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး နောက်ကွယ်က ကြိုးကိုင်သူ ရှိမရှိဆိုတာကိုတော့ ပြောလို့မရပေမယ့် ပြစ်မှုမှာ ပါဝင်သူပတ်သက်သူတွေ အကုန်လုံးကိုတော့ ဖမ်းစီးစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ရဲမှူး သိန်းဆွေမြင့်က ပြောပါတယ်။
ဒီဇင်ဘာ (၁၉)ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သေဆုံးသူ ကိုစိုးမိုးရဲ့ နေအိမ်ကို သွားရောက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေကို အားပေးစကား ပြောကြားခဲ့ပြီး နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးဖို့ဖော်ထုတ်ဖို့ အတွက် မြို့မရဲစခန်းမှူး ရဲမှူး သိန်းဆွေမြင့်ကိုလည်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ကိုစိုမိုးထွန်း အသတ်ခံရတာဟာ (၈)ရက်ရှိပြီဖြစ်ပြီး မင်္သကာသူ နှစ်ဦးကို ရီမန်ယူကာ စစ်ဆေးတယ်ဆိုတာဟာ (၈)ရက်အတွင်း ထူးခြားမှုဖြစ်ပေမယ့် အမှုစုံစမ်းတဲ့ နေရာမှာ ရဲတွေအနေနဲ့ အရမ်းအားနည်းတယ်လို့ မြင်ကြောင်း မုံရွာမြို့ နယ်မြေခံသတင်းထောက် ကိုအောင်ကိုလတ်က ဝေဖန်ပြောဆို ပါတယ်။
အသတ်ခံရသူ ကိုစိုးမိုးထွန်းဟာ ဦးခေါင်းထိပ်ကွဲပြဲဒဏ်ရာ (၂)ချက်၊ ဝဲဘက်မျက်ခုံးကွဲပြဲ ဒဏ်ရာ(၁)ချက် အပါအဝင် မျက်နှာဖူးယောင်ဒဏ်ရာတွေနဲ့ ပြည်ထောင်စုလမ်းမကြီးဘေး ခမရ တပ်ရင်း (၁၆)အနီးမှာ မှောက်လျက်အနေထားနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကိုစိုးမိုးထွန် အသတ်မခံရခင်မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သစ်မှောင်ခိုကိစ္စတွေအကြောင်း သတင်းတင်ထားတာကို တွေ့ရှိရပြီး မကြာသေးခင်ကလည်း မုံရွာမြို့မှာ KTV ဆိုင်အသစ်တွေ တိုးချဲ့မယ့်အပေါ် သက်ဆိုင်ရာကို ဒီဇင်ဘာ (၇) ရက်က ကန့်ကွက်စာတွေ ရေးသားခဲ့ပါတယ်။
ဒီအမှုမှာ နောက်ကွယ်က ကြိုးကိုင်သူ ရှိနိုင်လို့ ခန့်မှန်းမိပြီး အမှုပေါ်ပါက နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ် ဖြစ်မိကြောင်း ကိုအောင်ကိုလတ်က သူ့ရဲ့အမြင်ကို ပြောပါတယ်။
ကိုစိုးမိုးထွန်းဟာ ဒီဇင်ဘာ(၁၃) ရက်က အသတ်ခံခဲ့ရတာဖြစ်ပြီး ကိုစိုးမိုးထွန်းမှာ ဇနီးတစ်ယောက်နဲ့ ၈နှစ်အရွယ် သား တစ်ယောက်ရှိတယ်လို့ သိရပါတယ်။
မသင်္ကာသူ နှစ်ဦးကို အမှုနဲ့ သက်ဆိုင်တယ်လို့ ယူဆရတဲ့ KTV တစ်ခုကနေ ရီမန်ယူကာ ခေါ်ယူပြီး စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီသတင်းကို မုံရွာဗျူရိုက ဘုန်းနိုင် ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
အသတ်ခံခဲ့ရသည့် သတင်းထောက် အမှုပေါ်ပေါက်ရန် နီးစပ်ပြီဟု မုံရွာမြို့မ ရဲစခန်းမှူး ပြောကြား
Reviewed by THITHTOOLWIN
on
10:45
Rating:
