ဒုတိယအကြိမ် ပြင်ဆင်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေကြမ်း တင်သွင်း

( ဓါတ်ပုံ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်း တင်သွင်းစဉ် )
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရဲ့ သက်တမ်းကို ၅နှစ် သတ်မှတ်ထားရာကနေ ၉ လထက် မပိုဖို့ ပြင်ဆင်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကော်မရှင် ဥက္ကဌ ဦးလှသိန်း က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို အမြဲတမ်းဖွဲ့စည်းမထားဘဲ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကျမှသာ ဖွဲ့စည်းဖို့နဲ့ နိုင်ငံတော်ကပေးရမယ့် လစာချီးမြှင့်ငွေကိစ္စတွေကို ပြင်ဆင်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်း က ပြောပါတယ်။

အဲဒီဥပဒေကြမ်းမှာ ရွေးကောက်ပွဲမကျင်းပမီ ၆လကနေစပြီး ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းဖို့နဲ့ သက်တမ်းဟာလည်း မူလကသတ်မှတ်ထားသလို အစိုးရအဖွဲ့သက်တမ်းနဲ့အညီ ၅ နှစ် မသတ်မှတ်ဖို့ အဲဒီလိုပြင်ဆင်ထားတဲ့အတွက် ဘဏ္ဍာငွေကုန်ကျစရိတ် သက်သာသွားမှာဖြစ်ကြောင်း တွေ့ရှိရတယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဟာ နိုင်ငံဝန်ထမ်းမဟုတ်တဲ့အတွက် လစဉ်ချီးမြှင့်ငွေနဲ့ စရိတ်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဖို့လည်း ဥပဒေကြမ်းမှာပါရှိပါတယ်။

အဲဒီဥပဒေကြမ်းဟာ ဒုတိယအကြိမ် ပြင်ဆင်ထားတာဖြစ်ပြီး မကြာခင် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဒုတိယအကြိမ် ပြင်ဆင်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေကြမ်း တင်သွင်း ဒုတိယအကြိမ် ပြင်ဆင်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေကြမ်း တင်သွင်း Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.