ကိုယ် အလေးချိန် ပေါင် ၁၁၀၀ ကျော် ရှိ အီဂျစ် အမျိုးသမီးကို အိန္ဒိယ တွင် ခွဲစိတ်မည်


နယူးဒေလီ၊ ဒီဇင်ဘာ ၈ ။

ကီလို ၅၀၀ (ပေါင် ၁၁၀၂) အလေးချိန်ရှိသူ အီမန် အာမက် အယ်လ် အက်တီ ဆိုသူ အသက် ၃၆ နှစ်အရွယ် အီဂျစ် အမျိုးသမီးသည် ကိုယ်အလေးချိန် လျော့ကျရေး ခွဲစိတ်ကုသမှု ခံယူနိုင်ရန် အိန္ဒိယ နိုင်ငံ မွန်ဘိုင်းသို့ အငှားလေယာဉ် ဖြင့် နောက်တစ်ပတ်အတွင်း ဆိုက်ရောက်လာမည် ဟု ဒီဇင်ဘာလ ၈ ရက် BBCသတင်းတွင်ဖော်ပြသည်။

အသက်အန္တာရာယ် ဖြစ်လောက်အောင် ခန္ဒာကိုယ် ကြီးထွားမှု ကာကွယ် ကုသ ရေး ဖြစ်သော bariatric surgery ပညာရပ်တွင် ထင်ရှားသည့် အိန္ဒိယ ခွဲစိတ်ကု ပညာရှင် ဒေါက်တာ လာဒါဝါလာ က တာဝန်ယူခွဲစိတ်ပေးမည် ဖြစ်သည်။

သူမအား အီဂျစ်ရှိ အိန္ဒိယ သံရုံးမှ ခရီးသွားနိုင်စွမ်း မရှိမှု ဖြင့် ဗီဇာ ထုတ်ပေးရန် မူလ က ငြင်းဆန်ခဲ့သော်လည်း ဒေါက်တာ လာဒါဝါလာမှ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ twitter ဖြင့် ရေးသား အကြောင်းကြားခဲ့သဖြင့် ဗီဇာ ပြန်လည် ထုတ်ပေးခဲ့သည်။

သူမ မိသားစု၏ အဆိုအရ အက်တီသည် အိမ်တွင်း အောင်းနေရသည်မှာ နှစ်ပေါင်း ၂၅ နှစ် ကြာမြင်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

သူမ၏ ကိုယ်အလေးချိန်သည် အမှန်တကယ်သာ ကီလို ၅၀၀ (ပေါင် ၁၁၀၂) လေးသည်ဆိုက ၂၀၁၀ ခုနှစ်အတွင်း အမေရိကန် အမျိုးသမီး ပေါလင်း ပေါ်တာ တင်ခဲ့သော စံချိန် ဖြစ်သည့် ၆၄၃ ပေါင် စံချိန်ချိုးကာ ကမ္ဘာတွင် ခန္ဒာကိုယ် အကြီးမားဆုံးအဖြစ် World's Guiness Record စံချိန်ကို ၀င်သွားမည် ဖြစ်ပေသည်။
ဒေါက်တာ လာဒါဝါဒါမှ သူမ၏ ဆေးမှတ်တမ်းများကို ကြည့်ရခြင်းဖြင့် အနည်းဆုံး ကီလို ၄၅၀ လေးမည်ဟု ယုံကြည်ကြောင်း ပြောပြခဲ့သည်။

မွေးစက ၁၁ ပေါင် အလေးချိန် ရှိသော အက်တီသည် လက် နှင့် ခြေထောက်များကို အလွန်အမင်း ရောင်းယမ်း ထွားကျိုင်းစေသည့် Elephantiasis ခေါ် ဇီဝ ပိုးမွှား ကူးစက်ခံရခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာခြင်း ဖြစ်သည်ဟု အီဂျစ် ဆေးမှတ်တမ်းများက ဆိုသည်။ ထို့အတွက်ကြောင့် သူမအနေဖြင့် လမ်းလျောက်၍ မရဘဲဒရွတ်တိုက်ပုံစံဖြင့်သာသွားလာ နေခဲ့ရသည်။ နောက်ပိုင်းတွင် အကြောဆွဲ လေဖြတ် ရောဂါ ရခဲ့ပြီး အိမ်ပြင်ထွက်၍ မရနိုင်တော့သည့် အခြေ ဆိုက်ရောက်ခဲ့ရသည်ဟု ဆိုသည်။

အက်တီ၏ ညီမ ဖြစ်သူက မိမိ အား အောက်တိုဘာလ က စတင်ဆက်သွယ်ခဲ့ကြောင်း၊သို့သော်သူမ၏ မိသားစုမှာဆင်းရဲနွမ်းပါးလှသဖြင့် မွန်ဘိုင်းသို့ ခေါ်လာနိုင်ရန် လေယာဉ်ငှားဖို့ စရိတ် အပါအ၀င် လိုအပ်သော ငွေကြေးများကို မိမိက အလှုခံ စုဆောင်းရှာဖွေပေးခဲ့ရကြောင်း ဒေါက်တာ လာါးဝါဒါးက ပြောပြခဲ့သည်။

ဒေါက်တာ လာဒါဝါလာ၏ အဆိုအရ ခွဲစိတ်ကုသခံရန် အတွက် မွန်ဘိုင်းတွင် နှစ်လမှ သုံးလ အထိ နေရမည် ဖြစ်ပြီး နောက်ပိုင်းတွင် အိမ်သို့ ပြန်နိုင်မည် ဖြစ်သော်လည်း ကိုယ်အလေးချိန်ကို ကီလို ၁၀၀ အောက် ရောက်ရှိရန်မှာမူ နှစ်နှစ်မှ သုံးနှစ်အထိ အချိန်ယူရမည်ဟု သိရသည်။

၎င်းအနေဖြင့် မူလ ဆေးမှတ်တမ်းများ တွင် ဖေါ်ပြထားသော Elephantiasis ဖြစ်သည်ဟု မယုံကြည်ဘဲ ခန္ဒာကိုယ် ၀ဖီးမှုနှင့်ဆိုင်သော Lymphoedema ခေါ် ခြေလက် အင်္ဂါ များ လွန်စွာ ကြီးထွားစေသည့် ဝေဒနာ ခံစားနေရခြင်းဟု ဒေါက်တာ လာဒါဝါလာက ပြောပြသည်။

BA MAUNG( AYYARWADDY)

PHOTO- BBC
The Asia Heart News
ကိုယ် အလေးချိန် ပေါင် ၁၁၀၀ ကျော် ရှိ အီဂျစ် အမျိုးသမီးကို အိန္ဒိယ တွင် ခွဲစိတ်မည်  ကိုယ် အလေးချိန် ပေါင် ၁၁၀၀ ကျော် ရှိ အီဂျစ် အမျိုးသမီးကို အိန္ဒိယ တွင် ခွဲစိတ်မည် Reviewed by THITHTOOLWIN on 15:48 Rating: 5
Powered by Blogger.