မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းစဉ် လက်နက်များ၊ ခဲယမ်းများ ရှာဖွေသိမ်းဆည်းရမိ


ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ပြန်လည် နေထိုင်နိုင်ရန် နေ့ညမပြတ် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက်နှင့် ယနေ့တို့တွင် မုံးကိုးမြို့ အတွင်းနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ KIA/TNLA/MNDAA/AA လက်နက်ကိုင်အဖွဲ့များက ကစဥ့်ကလျား ဆုတ်ခွာ ထွက်ပြေးစဉ် ကျန်ရစ်ခဲ့သည့် လက်နက်များ၊ ခဲယမ်း များနှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။


ဒီဇင်ဘာ ၉ ရက်တွင် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် ထိတွေ့တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး MNDAA လက်နက်ကိုင်အဖွဲ့မှ အလောင်း ၂ လောင်းရရှိခဲ့ကာ မုံးကိုးမြို့အတွင်းနှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်၌ အမ် ၂၂ သေနတ် ၄ လက်၊ ပွိုင့် ၂၂ သေနတ် ၂ လက်၊ လေသေနတ် ၄ လက်၊ အမ် ၂၂ ကျည်အိမ် ၉ ခု၊ မှန်ပြောင်းမျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၁၇၅ တောင့်၊ ဗုံးသီးမျိုးစုံ ၁၁ လုံး၊ ပို့ကျည် ၃တောင့်ပါ RPG ဒုံးသီး ၂ လုံး၊ တိုက်မိုင်း ၁ လုံး၊ လမ်းလျှောက်စကားပြောစက် ၂ လုံး၊ မိုင်းရှာစက် ၁ လုံး၊ ကျောပိုးအိတ် ၁ လုံး၊ KIA ကုတ်အင်္ကျီ ၂ ထည်၊ ယူနီဖောင်မျိုးစုံ ၃၃ စုံနှင့် အရပ်သားအလောင်း ၇ လောင်းတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း မုံးကုံးစခန်း၏အရှေ့ဘက်ရှိ ချုံအတွင်းမှ အမ် ၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၂၀ တောင့်နှင့် လွယ်ကြိုးတစ်ချောင်းတို့ကို ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော်စစ်ကြောင်းများက ဒေသတည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုရှိစေရန် နယ်မြေရှင်းလင်းခြင်းများ ဖြန့်ခွဲ ဆောင်ရွက်လျက်ရှိသဖြင့် စစ်ဘေးရှောင် ဒေသခံပြည်သူများသည် မုံးကိုးမြို့အတွင်း ပြန်လည် ၀င်ရောက် နေထိုင်လာလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ )
https://www.facebook.com/MyanmarSCOInfoCom
မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းစဉ် လက်နက်များ၊ ခဲယမ်းများ ရှာဖွေသိမ်းဆည်းရမိ  မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းစဉ် လက်နက်များ၊ ခဲယမ်းများ ရှာဖွေသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.