ဖိုးတခေတ်၏ (၂၃)နှစ်ပြည့်မွေးနေ့ပွဲသို့ ပရိသတ် ၇၀၀၀ ကျော် တက်ရောက်


ကရင်ကိုယ်တော်လေး ဖိုးတခေတ်(ခေါ်)စောကျော်လှသန်း၏ (၂၃)နှစ်ပြည့်မွေးနေ့ပွဲကို ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာ၊ ရိုးမဟာကုန်းတွင် ဒီဇင်ဘာ ၈ ရက်ကကျင်းပရာ ပရိသတ် ၇၀၀၀ ကျော်တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးတခေတ်၏ မွေးနေ့ပွဲကို ကရင်ရိုးရာအစဉ်အလာနှင့်အညီ ထမုတ်ဆွမ်းတော်ကြီးတင်လှူခြင်း၊ ရိုးရာဓလေ့အယူ အဆများအရ ဆိတ်၊ ဆတ်၊ မြင်း၊ ကျွဲ၊ နွား၊ မိချောင်း၊ ကျား၊ မကန်းကောင်တို့ဖြင့် ဆင်ယင်သောပန်းရထားဖြင့် ထမုတ်ကွင်းအား တပည့်ဒကာများနှင့်ခြံရံကာ လှည့်လည်ခြင်း၊ ဆရာတော် သံဃာတော်များအား လှူဖွယ်များ လှုဒါန်းဆက်ကပ်ခြင်း၊ သီလယူ၊ တရားနာ၊ အမျှဝေ ဆုတောင်း ရေစက် ချခြင်း၊ စတုဒိသာ ကျွေးမွေးဧည့်ခံခြင်းများ ဒီဇင်ဘာ ၈ မှ ၁၆ ရက်ထိ ၈ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဖိုးတခေတ် (ခေါ်)စောကျာ်လှသန်း၏ မွေးနေ့ပွဲတော်သို့ ကရင်ပြည်နယ်အပြင် မွန်ပြည် နယ်နှင့် ပဲခူးတိုင်းတို့မှ ယုံကြည်ကိုးကွယ်သူနှင့် ချစ်ခင်လေးစားသူများလည်း နှစ်စဉ်လာရောက်ကြကြောင်း၊ မွေးနေ့ပွဲတော်နေ့များအတွင်း ကရင်ဇာတ်သဘင်၊ မြန်မာဇာတ်သဘင်များဖြင့် ညစဉ် ဇာတ်စင်လေးစင်ဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာမြေ၀ိုင်း လက်ဝှေ့ပွဲများ၊ ဘောလုံးပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်မတို့က အဖိုးကိုကန်တော့ဖို့ ဒီကို နှစ်တိုင်းလာတယ်။ အပြင်မှာလူတွေ မျိုးမျိုးပြောနေတဲ့အပေါ် စိတ်မကောင်း ဖြစ်မိတယ်။ သူ့ဓလေ့နဲ့သူ ကရင်တွေရိုးရာ မပျောက်ပျက်အောင်ထိန်းသိမ်းနေတာ။ ပွဲတော်ရက်မှာလာပြီး လေ့လာစေချင်တယ်'' ဟု ဘားအံမြို့၊ ဒုံရင်းရွာနေထိုင်သူ နော်တင်ဌေးက ပြောသည်။

ဖိုးတခေတ်ကိုကိုးကွယ်ယုံကြည်သူများစုပေါင်း၍ ယခင်က ဘားအံဒုံရင်းကျေးရွာနှင့်အနီးဝန်းကျင် ဇွဲကပင် တောင်ခြေရင်းတွင် နေထိုင်ခဲ့ကြပြီး ယခုအခါ ဂျိုင်းကျေးရွာဘက်သို့ ပြောင်းရွှေ့ကာ ကရင့်အမျိုးသားကျေးရွာ ရိုးမဟာကုန်းအရပ်တွင် အိမ်ထောင်စု၂၀၀ ခန့် လူဦးရေ ၇၀၀ ၀န်းကျင် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း၊ ကျန်းမာရေးဆေးပေးခန်းများဖြင့် အေးချမ်းစွာနေထိုင်ပြီး ရော်ဘာစိုက်ပျိုးခြင်း၊ စပါးနှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုးခြင်းတို့ဖြင့် အသက်မွေးကြကာ ရာသက်ပန် သက်သတ်လွတ်စားသုံးနေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။

''ဒီအဖိုးတခေတ်ရဲ့ဒေသတွင်းမှာတော့ ဆယ်ပါးသီလစောင့်ကြတယ်။ မေတ္တာထားပြီး နေထိုင်တယ်။ ဆရာတော်ကြီးတွေရဲ့ သြ၀ါဒခံယူပြီး စုပေါင်းနေထိုင်တယ်။ ရိုးရာအ၀တ်အစား၊ ဘာသာစကား၊ အသုံးအဆောင်နဲ့စာပေတွေကို မပျောက်ကွယ်အောင် ၀ိုင်းဝန်းထိန်းသိမ်းပြီး အေးချမ်းစွာနေထိုင်နေကြတာပါ''ဟု ဖိုးတခေတ် ကိုးကွယ်သူတဦးဖြစ်သူ ဖူးကျော့က ပြောသည်။

စောရိုဒင်
News Watch
https://www.facebook.com/NewsWatchJournal/
ဖိုးတခေတ်၏ (၂၃)နှစ်ပြည့်မွေးနေ့ပွဲသို့ ပရိသတ် ၇၀၀၀ ကျော် တက်ရောက် ဖိုးတခေတ်၏ (၂၃)နှစ်ပြည့်မွေးနေ့ပွဲသို့ ပရိသတ် ၇၀၀၀ ကျော် တက်ရောက် Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.