![]() |
သုံးလသား အ ရွယ် က လေး ငယ် ဗိုက် ထဲ ရှိ သန္ဓေသားဟု ယူဆရ သည့် အသားလုံးများကို အောင်မြင်စွာ ခွဲစိတ်ထုတ်ယူနိုင် |
နေပြည်တော် ခုတင်- ၁ဝဝဝ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ သုံးလသားအရွယ် ယောက်ျားကလေး တစ်ဦး၏ ဗိုက်ထဲရှိ သုံးမြွှာပူး သန္ဓေသားဟု ယူဆရသည့် အသားလုံးများကို ဒီဇင်ဘာ ၁၉ ရက်က အောင်မြင်စွာ ခွဲစိတ်ထုတ်ယူနိုင်ခဲ့ပြီး လက်ရှိတွင် ကလေး ငယ်မှာ ကျန်းမာလျက်ရှိကြောင်း သိရသည်။
အဆိုပါကလေးငယ်ကို ဒီဇင်ဘာ ၁၉ ရက် နံနက်၉ နာရီက စတင်ခွဲစိတ်ခဲ့ပြီး ၁ဝ နာရီခန့်တွင် ခွဲစိတ်မှုပြီးစီးခဲ့ကာ ၄င်း၏ဗိုက်ထဲရှိသန္ဓေသား ဟုယူဆရသည့် အစိတ်အပိုင်းများမှ တစ်ခု သာလူပုံသဏ္ဍာန်ဖြစ်ပေါ်ကာ ကျန်သည့် အစိတ်အပိုင်း များမှာ လူခန္ဓာ အစိတ်အပိုင်း အဖြစ် ပြည့်စုံမှု မရှိကြောင်း နေပြည်တော် ခုတင်-၁ဝဝဝ အထွေထွေရောဂါကု ဆေးရုံကြီး၊ ခွဲစိတ်ကု ပညာဌာနမှ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်နော်မာသေးက ပြောသည်။
ယင်းကလေးငယ်မှာ ၎င်း၏မိခင်မှ မီးဖွားပြီး တစ်လခွဲခန့်အကြာတွင် ဝမ်းဗိုက်ရောင်ရမ်းလာသည့်အတွက် မန္တလေးကလေးဆေးရုံ ကြီးတွင် စစ်ဆေးမှုခံယူခဲ့ရာ ကလေးငယ်၏ဗိုက်ထဲ၌ သန္ဓေသားဟုယူဆရသည့် အသားလုံးသုံး ခုရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည့်အတွက် နေပြည်တော် ခုတင်-၁ဝဝဝဆေးရုံကြီးတွင် ယခုကဲ့သို့ တက်ရောက်ခွဲ စိတ်ကုသခဲ့ခြင်းဖြစ်ကြောင်း ကလေးငယ် ၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဦးက ပြောသည်။
''ကျွန်မသားလေး ဒီလိုဖြစ်တဲ့အတွက် နေ့တိုင်းစိုးရိမ် ပူပန်နေရတယ်။ အခုလို ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာနဲ့ တွေ့မြင်ရတဲ့ အတွက် ဝမ်းသာတာကတော့ အတိုင်းမသိပါပဲ။ အခုလို အောင်မြင်အောင် ခွဲစိတ်ပေးတဲ့ ဆရာဝန်၊ ဆရာမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ဟု'' ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ဖြစ်စဉ်မျိုးသည် လူဦးရေ ၅ သိန်းတွင် တစ်ဦးသာဖြစ်နိုင်သည့် ဖြစ်စဉ်ဖြစ်ပြီးခွဲစိတ်ဆရာဝန် သက်တမ်းတွင်လည်း တွေ့ကြုံ ရန်ခဲယဉ်းကြောင်း ပါမောက္ခဒေါက်တာ ဒေါ်နော်မာသေးက ပြောသည်။
မြ၀တီ
https://www.facebook.com/mwdmedia/
၃ လသားကလေးဗိုက်ထဲရှိ သုံးမြွှာပူး သန္ဓေသားများကို နေပြည်တော်တွင် ခွဲစိတ်ထုတ်ယူ
Reviewed by THITHTOOLWIN
on
11:16
Rating:
