ရခိုင်အရေး အာဆီယံဝန်ကြီးများစည်းဝေး

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး သတင်းဓါတ်ပုံ ( Ministry of Foreign Affairs Myanmar)
ရခိုင်ပြည်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ဒေသတွင်းကို လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို ခွင့်ပြုမှာဖြစ်တယ်လို့ မြန်မာအအစိုးရက ပြောလိုက်ပါပြီ။ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခဖြစ်ပွားမှု နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ အာဆီယံဒေသ နိုင်ငံခြားရေးဝန်ကြီးတွေကို မြန်မာနိုင်ငံအနေနဲ့ ခေါ်ယူရှင်းလင်းတဲ့ အစည်းအဝေးအတွင်းမှာ မြန်မာဖက်က ကတိပြုပြောဆိုခဲ့တာပါ။ အောက်တိုဘာ ၉ ရက်နေ့က ဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေးအခင်းနောက်ပိုင်း၊ ဒေသတွင်း အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး နိုင်ငံတကာမှာ ဝေဖန်ပြောဆိုမှုတွေကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဒီအစည်းအဝေးကို ခေါ်ယူရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင် သတင်းပေးပို့ထားတာပါ။

မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ပတ်သတ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာပဲ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေကို အရေးပေါ်ဆင့်ခေါ်ပြီး အဲဒီ့ကိစ္စနဲ့ ပတ်သတ်လို့ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံရှင်းလင်းတာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ရခိုင်ပြည်အရေးနဲ့ ပတ်သတ်လို့ အဓိက ဆွေးနွေးခဲ့ကြသလို ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ဒေသခံ ပြည်သူတွေနဲ့ ရခိုင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် အာဆီယံ နိုင်ငံတွေက လူသားချင်းစာနာမှုအကူအညီပေးဖို့ ကမ်းလှမ်းချက်တွေကို

ကြိုဆိုတဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဘက်က ပြောဆိုခဲ့တယ်လို့ အင်ဒိုနီးယား နိုင်ငံခြားရေး ၀န်ကြီး RETNO Marsudi က ဆွေးနွေးပွဲအပြိးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ဒီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာ အရေးအကြီးဆုံး အချက်အလက် ၂ ခု ထွက်ပေါ်ခဲ့ပါတယ်။ ပထမတစ်ခုကတော့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို မြန်မာ အစိုးရအနေနဲ့ ရခိုင်ဒေသ ဖွံဖြိုးတိုးတက်မှုအခြေအနေတွေကို မပြတ် အသိပေးသွားမယ်ဆိုတာပါ။

ဒုတိယ တစ်ခုကတော့ အာဆီယံ နိုင်ငံတွေရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပေးဖို့ ကမ်းလှမ်းချက်တွေကို မြန်မာဘက်က အသိအမှတ်ပြုသလို၊ ရခိုင်ဒေသ ငြိမ်းချမ်းရေးနဲ့ မူလအခြေအနေကို ပြန်လည်ရောက်ရှိနီုင်ဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးက ကမ်းလှမ်းထားတဲ့ အထောက်အပံ အကူအညီတွေကို ခွင့်ပြုပေးမယ်ဆိုတာပါ။”

ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးဟာ ရခိုင်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး အခြေအနေနဲ့ ဖွံဖြိုးတိုးတက်မှုတို့ကို မြန်မာ အစိုးရအနေနဲ့ တစ်စိုက်မတ်မတ် လုပ်ဆောင်နေတယ်ဆိုတာကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို အသိပေး ပြောကြားတာ ဖြစ်သလို ဒေသတွင်း အာဆီယံ နိုင်ငံတွေရဲ့ စည်းလုံးမှုနဲ့ သွေးစည်းညီညွှတ်မှု ရှိစေဖို့အတွက်လည်း ရည်ရွယ်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန ဖက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အခုလို နက်နဲ ရှုပ်ထွေးလှတဲ့ ကိစ္စရပ်ကို ပြေလည်အောင် ကိုင်တွယ် ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အစိုးရအနေနဲ့ အချိန်ကာလ အပိုင်းအခြား တစ်ခု လိုအပ်မှာ ဖြစ်ပြီး အစိုးရရဲ့ တာဝန်ယူ လုပ်ဆောင်နေတာကိုလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးအတွင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

အောက်တို ဘာလ ၉ ရက်နေ့က ရခိုင်ပြည် မြောက်ပိုင်း ဘူးသီးတောင် မောင်တောဒေသတွေမှာ နယ်ခြားစောင့်တပ်တွေကို ၀င်ရောက်တိုက်ခိုက်မှု ဖြစ်ပြီးနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု လုပ်ရာမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ နေအိမ်အဆောက်အအုံတွေကို မီးရှိုးဖျက်ဆီးမှုအပါအ၀င် အစ္စလာမ်ဘာသာဝင်တို့အပေါ်မှာ သတ်ဖြတ်နှိမ်နင်းမှုတွေရှိတယ်ဆိုပြိး နိုင်ငံတကာ လူ့အခွင့်အရေး အသိုင်းအ၀ိုင်းတွေက ဝေဖန်ခဲ့ကြသလို ဒီကိစ္စနဲ့ ပတ်သလို့ နိုင်ငံတကာ သတင်းမီဒီယာတွေက အကျယ်တ၀င့် ဖော်ပြခဲ့ကြတာပါ။ ဒါ့အပြင် မလေးရှား ၀န်ကြီးချုပ်ကိုယ်တိုင်ကလည်း ရခိုင်ဒေသမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုပြီး မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကို တုန့်ပြန်ဖြေရှင်းနိုင်ဖို့အတွက် အခုလို အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတရပ်ကို ခေါ်ယူကျင်းပရခြင်းဖြစ်တယ်လို့  မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက အခုလို ပြောပါတယ်။

“အဓိကတော့ အစည်းအဝေးကတော့ ခုနလို retreat အနေနဲ့တော့ ပြီးသွားပြီပေါ့နော်။ဒီဟာနဲ့ ပတ်သက်ပြီးတော့ နောက်ခံ background လေးတွေ ဖြစ်ပေါ်လာတာလေးတွေ နောက်တခါ ကျနော်တို့ရပ်တည်ချက်လေးတွေ ကျနော်တို့ အကြမ်းဖျင်းရှင်းပြသွားပါတယ်ခင်ဗျ။ စောစောပိုင်း မှာတော့ မလေးရှားရဲ့ ကနဦးဆောင်ရွက်ချက်ပေါ့နော် initiative ကနေပြီးတော့ မှ လက်ရှိ အာဆီယံ chair ဖြစ်တဲ့ လာအိုကို အကြောင်းကြားပြီးတော့မှ ဒါကတော့ Foreign Minister meeting သဘောမျိုးလေး လုပ်သင့်တယ်ဆိုပြီးတော့မှ ပြောပါတယ်။ အဲဒီတော့ ကျနော်တို့ အဖွဲ့ဝင်တွေကြားမှာလည်း ဒါနဲ့ပတ်သက်ပြီးသဘောထားမတူတဲ့အခါကျတော့ ဒီအစည်းအဝေးလေး မလုပ်ဖြစ်ဘူး။ အဲဒီအချိန်မှာ သူ့ဆီကခေါင်းဆောင်ကနေပြီးတော့ မှတ်ချက်လေးတွေလုပ်တာလည်းရှိတယ်။ ဒီအပေါ်ကိုအခြေခံပြီးတော့မှ သူ့သံအမတ်တွေကို ကျနော်တို့ ရပ်တည်ချက်ကို ရှင်းပြပါတယ်။”

ရခိုင်ဒေသ အကြမ်းဖက် ဖြစ်စဉ်နဲ့ ပတ်သလို့ လူ ၈၀ ကျော် အသက်ဆုံးရှုံ့းခဲ့ရသလို လူသောင်းဂဏန်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ရလို့တယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထောက်ပြခဲ့ကြပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ဖြစ်တဲ့ Human Right Watch အဖွဲ့ကြီးကလည်း ကောင်းကင် ဂြိုလ်တု ရုပ်ပုံတွေကို အခြေခံပြီး ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ အိုးအိမ်အဆောက်အဦးတွေ မီးရှိုံးဖျက်စီးခံခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။ မြန်မာအစိုးရဘက်ကတော့ အဲဒီ့ စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသားငြင်းဆိုထားပါတယ်။ ရခိုင်ဒေသ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သလို့ အာဆီယံ နိုင်ငံတွေရဲ့ ရပ်တည်ချက်ကို ဦးကျော်ဖေယျက အခုလို ပြောပါတယ်။

“ရပ်တည်ချက်တွေ လုပ်ဆောင်မှုတွေ ကွာတယ်ဆိုတာက ဒီဖြစ်စဉ်ဖြစ်တဲ့အခါမှာ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးဆိုရင် သူကိုယ်တိုင်လည်း ကျနော်တို့နဲ့လာပြီး ထိတွေ့မှုတွေရှိတယ်၊ ကျနော်တို့လည်း ရှင်းလင်းပြောကြားတယ်၊ ဒေသအတွင်းသွားတဲ့အခါမှာလည်းပါသွားတယ်။ နောက်သူကိုယ်တိုင်မြင်ခဲ့တယ်။ မြင်ခဲ့တဲ့အခါကျတော့ ဒီမှာ သတင်းမှာ ပြောနေတဲ့ မီဒီယာတွေပြောနေတာတွေနဲ့က တခြားစီပဲဆိုတာ ။ သူအင်ဒိုနီးရှားနိုင်ငံကို ပြန်သွားတဲ့အခါမှာ တက်တက်ကြွကြွပဲ ဘာသာရေးခေါင်းဆောင်တွေ ၊ အသင်းအဖွဲ့တွေ Civil Society တွေပေါ့နော် အဲဒါတွေကို ပြောတဲ့အနေအထားတွေရှိပါတယ်။ သဘောကတော့ ကျနော်တို့ဘက်ကနေပြီးတော့မှ ခိုင်ခိုင်မာမာရပ်တည်ပေး ပြီးတော့မှ ရှင်းလင်းပြောကြားတယ်၊ သူရော နိုင်ငံခြားရေးဝန်ကြီးရော အဲလိုလုပ်တာလေးတွေရှိပါတယ်။ အလားတူ နောက်တနိုင်ငံဆို၇င်လည်း ဘရူနိုင်း ။ သူဆိုရင်လည်း ကျနော်တို့ဘက်ကနေပြီးတော့ စာနာတဲ့ ရပ်တည်တဲ့အနေအထားမျိုးလေးတွေရှိပါတယ်။ ဘာပဲပြောပြော ကျနော်တို့ ဘာလိုအပ်တာရှိသလဲ၊ ဘယ်လိုကူညီပေးရမလဲ ဆိုတာတွေကို သူတို့အနေနဲ့ ကူညီဖို့ အဆင်သင့်ရှိကြောင်းအနေအထားတွေ အဲဒီလိုမျိုးလေးပေါ့လေ။”

မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကနေ့မှာ ဒေသတွင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေအားလုံးနဲ့ တစ်ပြိုင်တည်း တွေ့ဆုံခဲ့သလို အစ္စလာမ်ဘာသာဝင် အများစု နေကြတဲ့ မလေးရှားနဲ့ အင်ဒိုနီးယား ၂ နှစ်ငံက နိုင်ငံခြားရေး ၀န်ကြီးတို့နဲ့လည်း ဒီကနေ့မှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။ မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Anifah Aman ကတော့ ဒီကိစ္စဟာ ဒေသတွင်း စိုးရိမ်ပူပန်ရမယ့် အခြေအနေ တစ်ရပ်ဖြစ်ပြီး အတူတစ်ကွ ပူးတွဲ ဖြေရှင်းသွားသင့်တယ်လို့ ဒီကနေ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်မောင်တောဒေသတွင်း စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ပတ်သက်လို့၊ သက်သေအထောက်အထား အခိုင်အမာနဲ့ တင်ပြလာမယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ ကြိုဆိုပြီး ဒီအပေါ်မှာ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေကပြောပါတယ်။ ဒီကနေ့ လုပ်တဲ့ ရခိုင်အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးရာဌာန ညွန်ကြားရေးမှုးချုပ် ဦးကျော်မိုးထွန်း နဲ့ ဗွီအိုအေရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်း သီးသန့်တွေ့ဆုံမေးမြန်းထားတာကို ဗွီအိုအေ ညပိုင်း ၉ နာရီအစီအစဉ်မှာ စောင့်မျှော်နားဆင်နိုင်ပါမယ်။

 ထက်အောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရခိုင်အရေး အာဆီယံဝန်ကြီးများစည်းဝေး ရခိုင်အရေး အာဆီယံဝန်ကြီးများစည်းဝေး Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.