ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၊ အမှတ် ၇ ရပ်ကွက် ကျောက်မဲ - မိုင်းငေါ့ကားလမ်းမဘေးရှိ ကျောက်မဲခရိုင်ရဲရုံးအား ကားလမ်းမပေါ်မှနေ၍ ပစ်ခတ်သွားရာမှ ခရိုင်ရဲရုံးအနီး လယ်ကွင်းအတွင်း လက်နက်ကျည်ကျရောက်၍ ပေါက်ကွဲမှု ဒီဇင်ဘာလ ၁၇ ရက် ည ၆ နာရီ မိနစ် ၄၀ ခန့်တွင် ဖြစ်ပွားသည်။
“ခရိုင်ရုံးအနီး လယ်ကွက်ထဲ ကျရောက်ပေါက်ကွဲတာပါ။ အထိအခိုက်အပျက်အစီးမရှိဘူး။ 40 M နဲ့လှမ်းပစ်တာ”ဟု ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်မင်းမင်းက အခင်းဖြစ်နေရာမှ တာချီလိတ်သတင်းအေဂျင်စီသို့ ဖြေသည်။
ခရိုင်ရဲရုံးအား လမ်းမပေါ်မှ ဆိုင်ကယ်စီးသွားရင်း လှမ်းပစ်သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
“အသံနှစ်ချက်ကြားလိုက်တယ်။ ရဲစခန်းဘက်ကပဲ။ အဲဒီနားမှာ လယ်ကွင်းတွေလည်းရှိတယ်။ ခုနှစ် နာရီလောက်မှာ ရဲတွေရှာဖွေနေတာမြင်ရတယ်။ အထိအခိုက်မရှိပါဘူး”ဟု အဆိုပါ ရဲရုံးအနီးမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါနေရာဝန်းကျင်အား လုံခြုံရေးတင်းကျပ်ထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
Tachileik News Agency
http://www.tachileik.net
ကျောက်မဲခရိုင်ရဲရုံးအနီး လက်နက်ကျည်ကျရောက်၍ ပေါက်ကွဲမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:57
Rating:
