သမ္မတ ဦးထင်ကျော်နဲ့ ရခိုင်ကော်မရှင်တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဥက္ကဌ ကိုဖီအာနန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံနေစဉ်။ Photo: Win Naung Toe/ RFA
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီနေ့ နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က နှစ်ဘက်လူ့အသိုင်းအ၀န်းအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ အရေးပါမှု၊ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ ကောလဟာလ သတင်းတွေကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ အညီ အခွင့်အရေးတွေ ရရှိဖို့၊ ရခိုင်ပြည်နယ်အတွင်း စီးပွားရေးအလားအလာတွေ ကောင်းမွန်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် နှစ်ဘက် အသိုင်းအဝန်းအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုတွေကတဆင့် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့၊ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာသင်တန်းတွေ တိုးမြှင့်ဖွင့်လှစ်သွားနိုင်မယ့် အလား အလာတွေ ဖော်ထုတ်ဖို့ စတဲ့ ကိစ္စရပ်တွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းလည်း ပါရှိပါတယ်။

မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ပထမအကြိမ် ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ကနေ ၄ ရက်နေ့အထိ ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သမ္မတ ဦးထင်ကျော်နဲ့ ရခိုင်ကော်မရှင်တွေ့ဆုံ  သမ္မတ ဦးထင်ကျော်နဲ့ ရခိုင်ကော်မရှင်တွေ့ဆုံ Reviewed by THITHTOOLWIN on 18:07 Rating: 5
Powered by Blogger.