မောင်ဝိတ် Patek Philippe မည်သူ့ကိုမှ မပေးခဲ့၊ မီဒီယာအားဖြင့် အနိုင်ကျင့်ခံရခြင်းသာဖြစ်ဟု ရှင်းလင်း


“ကျွန်တော်အနေနဲ့ ဘယ်ဝန်ကြီးချုပ်တဦးကိုမှ Patek Philippe နာရီ လက်ဆောင်ပေးခဲ့ဖူးခြင်း မရှိပါဘူးခင်ဗျာ။ အဆိုပါ ကိစ္စအား မည်သည့်ခုံရုံးတွင်မဆို အစစ်ဆေးခံရန်အသင့်ရှိပါတယ် ...”

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က ယနေ့ နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel ဟိုတယ်တွင် သတင်းစာရှင်လင်းပွဲပြုလုပ်ခဲ့ရာ ပြည်တွင်းသတင်းစာတစောင်တွင် နိုဝင်ဘာ ၆ ရက်နေ့က ရေးသားဖော်ပြခဲ့သော ၀န်ကြီးချုပ်တဦး ဒေါ်လာ ၁ သိန်းခန့်တန် Patek Philippe နာရီ ၀တ်ဆင်သည်၊ ယင်းလက်ဆောင်ကိုပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကထွက်လာခဲ့သော သူဌေးကြီးတဦးဖြစ်ပြီး အစိုးရအကူးအပြောင်းမှာ မြို့သစ်စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူတဦးဖြစ်ကြောင်း ဖော်ပြခဲ့မှုနှင့်ပတ်သက်၍ လုံးဝလက်မခံနိုင်ကြောင်း၊ ၎င်းအနေဖြင့် မည်သည့်ဝန်ကြီးချုပ်ကိုမှ Patek Philippe နာရီမပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“ယနေ့ရှင်းလင်းပွဲကိုပြုလုပ်ရတဲ့အကြောင်းရင်းကတော့ အာဏာရှိသူအချို့ရဲ့ အနိုင်ကျင့်ခြင်းကိုခံခဲ့ရပြီး လူမှုစီးပွားဘ၀ပျက်ခဲ့ရတဲ့ ကျွန်တော်ကို မီဒီယာအင်အားကြီးသူက အင်အားသုံးပြီး background အင်အားမရှိ မီဒီယာ network မရှိတဲ့သူကိုမှရွေးပြီး ရောချရေးသားဖော်ပြချက်တွေပါရှိတဲ့ ၂၀၁၆ နိုဝင်ဘာ ၆ ရက်နေ့ Daily Eleven သတင်းစာ စာမျက်နှာ ၁၇ ပါ ရွေးကောက်ပွဲ ၁ နှစ်ကြာသော် A Year After November 8 Polls တွင် ဖော်ပြထားသည့် ၀န်ကြီးချုပ်တဦး ဒေါ်လာ ၁ သိန်းခန့်တန် Patek Philippe နာရီ ၀တ်ဆင်သည်၊ ယင်းလက်ဆောင်ကိုပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကထွက်လာခဲ့သော သူဌေးကြီးတဦးဖြစ်ပြီး အစိုးရအကူးအပြောင်းမှာ မြို့သစ်စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူတဦးဖြစ်ကြောင်း ဖော်ပြခဲ့တဲ့အချက်ကို လက်မခံနိုင်”ဟု စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က ပြောကြားခဲ့သည်။


ဆက်လက်ပြီး ၎င်းက“အဆိုပါရေးသားချက်သည် ပုဂ္ဂိုလ်ရေးနာမည်ဖျက်ဖို့ အားနည်းတယ်ထင်လို့ အနိုင်ကျင့်ဖို့ဖြစ်တယ်လို့ စိတ်ထဲမှခံစားမိလို့ ယခုလို လူကြီးမင်းများအား ဖိတ်ကြားရှင်းလင်းရခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှ ကျွန်တော်နာမည်ကိုတပ်၍ ဖော်ပြထားခြင်းမရှိသော်လည်း မြို့သစ်စီမံကိန်းတင်ဒါအောင်မြင်ခဲ့သူ ၃ ဦးတွင် ကျွန်တော်တဦးတည်းသာ မူးယစ်ဆေးဝါးသုံးစွဲမှု ခေါင်းစဉ်တပ်ပြီး ထောင်ချခံခဲ့ရသူ ထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်တဲ့အတွက် မည်သူမဆို ဤစာသားများသည် မည်သူ့ကိုရည်ညွှန်းသည်ဆိုသည်ကို ခံစားကြည့်လို့ရမယ်ထင်ပါတယ်။ ကျွန်တော်အနေနဲ့ ဘယ်ဝန်ကြီးချုပ်တဦးကိုမှ Patek Philippe နာရီ လက်ဆောင်ပေးခဲ့ဖူးခြင်း မရှိပါဘူးခင်ဗျာ။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဘာနာရီမှ လက်ဆောင်ပေးခဲ့ဖူးခြင်းမရှိကြောင်း တိတိကျကျ ရှင်းရှင်းလင်းလင်း တင်ပြအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

“ဤအကြောင်းကို ပြန်လည်လေ့လာကြည့်တဲ့အခါမှာ Social Media ဖြစ်တဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အကောင့်ပိုင်ရှင်တဦးက အောက်တိုဘာလထဲမှာရေးသားရာမှ စတင်ခဲ့ကြောင်း သိရှိရပါတယ်။ ၎င်းရေးသားခြင်းရဲ့နောက်ကွယ်မှ ဖန်တီးသူနှင့်ရည်ရွယ်ချက်ကို ကျွန်တော်မသိပါ။ အကောင့်ပိုင်ရှင်ကိုလည်း ကျွန်တော်သိကျွမ်းမှုမရှိပါ။ ကျွန်တော်အနေဖြင့် ယနေ့အချိန်ထိ ဘ၀တလျောက် မည်သူ့ကိုမှ ထိခိုက်နစ်နာအောင်လုပ်ခဲ့ဖူးခြင်းမရှိပါ။ ကျွန်တော်အနေဖြင့် သာမန်ပြည်သူများအနေဖြင့် social media အပေါ် ကိုယ်စိတ်ထင်ရာ ရေးသားဖော်ပြကြသည်ကို မည်သို့မျှရှင်းလင်းရန် မလိုအပ်သော်လည်း မီဒီယာတခုမှ တရားဝင်ပုံနှိပ်ဖော်ပြမှုမျိုး social media ပေါ်မှရေးသားချက်မျိုး နိုင်ငံတကာသတင်းမီဒီယာများအထိပါ ဖော်ပြလာခြင်းမျိုးကိုတော့ အများသိစေရန် ပြန်လည်မဖြေရှင်းပါက ဆိတ်ဆိတ်နေ ၀န်ခံသကဲ့သို့ဖြစ်သွားနိုင်ပါသည်။ နောင်တွင်လည်း အလားတူရေးသားချက်တွေကြောင့် အများအမြင်မှားတာတွေ ဖြစ်ပေါ်လာနိုင်ပါသည်။ ဒါ့အပြင် မရှင်းလင်းခဲ့ရင် နိုင်ငံသားတဦးတာဝန် မကျေပွန်ရာရောက်လာနိုင်တဲ့အတွက်ကြောင့် ယခုလို လူကြီးမင်းများအား လေးစားစွာဖိတ်ကြားပြီး ရှင်းလင်းတင်ပြရခြင်းလည်းဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဘယ်ဝန်ကြီးချုပ်တဦးကိုမှ Patek Philippe နာရီ လက်ဆောင်ပေးခဲ့ဖူးခြင်း မရှိပါဘူးခင်ဗျာ။ အဆိုပါ ကိစ္စအား မည်သည့်ခုံရုံးတွင်မဆို အစစ်ဆေးခံရန်အသင့်ရှိပါတယ်။ ထပ်မံပြီး ဖေ့စ်ဘုတ်အကောင့် သန်းထွဋ်အောင်အမည်ဖြင့် ၅ ရက် နိုဝင်ဘာ ၂၀၁၆ တွင် ရေးသားဖော်ပြထားသည့် ဒေါ်လာ ၁၀၀ ဘီလီယံလောက် ရင်းနှီးရတဲ့ကိစ္စမှာ ဒီ Developer တွေရဲ့ ငွေဖြူငွေမဲကိစ္စတွေ အထူးသဖြင့် မူးယစ်ကိစ္စနဲ့ထောင်ကျဖူးတဲ့သူရဲ့ ငွေဖြူတွေ အခွန်ဆောင်မှုတွေ ရှင်းလင်းပြီလားဆိုတဲ့ ရေးသားမှုသည်လည်း မည်သူ့ကိုအဓိကပစ်မှတ်ထား နာမည်ဖျက်ဖို့လုပ်နေတယ်ဆိုတာ သိသာနေပါတယ်။ အဆိုပါဆောင်းပါးရေးသားသူနှင့်ကျွန်တော် သိကျွမ်းခင်မင်မှုမရှိသလို တကြိမ်တခါမှလည်း တွေ့ဆုံခဲ့ဖူးခြင်းမရှိဖူးပါ”ဟု ၎င်းက ရှင်းလင်းခဲ့သည်။

ဖြိုးကိုနိုင်
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal/
မောင်ဝိတ် Patek Philippe မည်သူ့ကိုမှ မပေးခဲ့၊ မီဒီယာအားဖြင့် အနိုင်ကျင့်ခံရခြင်းသာဖြစ်ဟု ရှင်းလင်း မောင်ဝိတ် Patek Philippe မည်သူ့ကိုမှ မပေးခဲ့၊ မီဒီယာအားဖြင့် အနိုင်ကျင့်ခံရခြင်းသာဖြစ်ဟု ရှင်းလင်း Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.