NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို အရေးယူ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကိုယ်စားလှယ် ၃ ဦးကို ပါတီကပေးအပ်ထားတဲ့ တာဝန်အသီးသီးကနေ ရုပ်သိမ်းလိုက်ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့က ကြေညာချက်ကို တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာစိုးမိုးသူ၊ ဦးဥာဏ်လင်းနဲ့ ဦးစိန်ဝင်းတို့ကို ပါတီကပေးအပ်ထားတဲ့ တာဝန်အသီးသီးကနေ ရုပ်သိမ်းလိုက်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပါတီစည်းကမ်းဖောက်ဖျက်တဲ့အတွက် ပါတီကပေးထားတဲ့ တာဝန်တွေကို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ဦးစိန်ဝင်းကလည်း သူ့ကဏ္ဍနဲ့သူ၊ ဒေါက်တာစိုးမိုးသူကလည်း သူ့ကဏ္ဍနဲ့သူ၊ သူတို့အသီးသီး ပါတီစည်းကမ်းဖောက်ဖျက်တာတွေကို အရေးယူလိုက်တာ၊ ပါတီတာဝန်တွေကို ရုပ်သိမ်းလိုက်တာ ပါတီကတော့မထုတ်ပါဘူး"

ပါတီဘက်က အခုလိုအရေးယူရတဲ့ အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး အသေးစိတ် ပြောဆိုတာ မရှိပေမယ့် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူအပေါ် လူမှုရေးကိစ္စနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်လင်းဟာ ရွှေပြည်သာမိုတယ် မှာ ပြဿနာဖြစ်ပွားပြီး မိုတယ်မန်နေဂျာက ဆဲဆိုမှု၊ ခြိမ်းခြောက်မှုတွေနဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

ပါတီတာဝန်ကနေ ရုပ်သိမ်းခံရသူ နောက်တစ်ဦးဖြစ်တဲ့ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက မအူပင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ၁ ဦးအပါအ၀င် ပါတီဝင် ၂ ဦးကို အမှုဖွင့်လိုက်တာနဲ့ပတ်သက်ပြီး ပါတီကိုအကြောင်းကြားစာ မပို့ခဲ့တဲ့အတွက် သူ့ကိုအရေးယူတာလို့ ပြောပါတယ်။

"ပါတီကကိုယ်စားလှယ် တစ်ယောက်ရယ်၊ ပါတီဝင် ၂ ယောက်ရယ်ဆိုတော့ ဒီလိုမျိုး ပါတီဝင်အချင်းချင်း ပုဒ်မ ၄၂၀ ရယ်၊ ၅၀၀ ရယ်နဲ့ တရားစွဲလိုက်တော့ အထက်ရဲ့ခွင့်ပြုမိန့် မတောင်းမိတဲ့အတွက် ဒါဖြစ်သွားတာပေါ့"

ဦးစိန်ဝင်းဟာ မအူပင်မြို့နယ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဒေါက်တာစိုးမိုးသူဟာ NLD ပါတီ လူငယ်တာဝန်ခံ၊ ဦးဥာဏ်လင်းဟာ ရွှေပြည်သာမြို့နယ် NLD ပါတီ အတွင်းရေးမှူး တာဝန်တွေကနေ ရုပ်သိမ်းခံရတာဖြစ်ပြီး သူတို့အားလုံးဟာ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်အဖြစ် ဆက်လက်ရှိနေ တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို အရေးယူ NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို အရေးယူ Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.