ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်ပိုင်း NLD ဗဟိုကော်မတီအစည်းအဝေး ပထမဦးဆုံး အကြိမ်ကျင်းပ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပထမအကြိမ် ဗဟိုကော်မတီ (ဆဌမ)မြောက် ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်နေ့က အနောက် ရွှေဂုံတိုင်လမ်း အဖွဲ့ချုပ်ရုံးတွင်ကျင်းပခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် ပထမဦးဆုံးအကြိမ်ကျင်းပသော NLD ဗဟိုကော်မတီအစည်းအဝေးလည်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် “နှစ်ပေါင်း ၂၈ နှစ်ကျော် တော်လှန်ရေးကာလကို ဖြတ်ကျော်ခဲ့နိုင်ပြီး ယခုအခါ ပြည်သူတွေ လိုလားတောင့်တဲ့ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းအမှန်ပေါ်သို့ ရောက်ရှိနိုင်ပြီးဖြစ်ပါတယ်။ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကိုလည်း ပါတီဥက္ကကြီးရဲ့ ကိုယ်တိုင်ခေါင်းဆောင်မှုနဲ့အကောင်အထည်ဖော်နေခြင်းမှာ မေတ္တာသစ္စာဖြင့် ခွင့်လွှတ်ခြင်းတို့ရဲ့ ပုံရိပ်များဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ပုံရိပ်ဆိုးများ သံသရာလည်ရာမှ တည်ငြိမ်အေးဆေး ဂုဏ်သိက္ခာရှိစွာ ပေါ်ထွန်းနိုင်ရန် ကြိုးပမ်းဖို့ပဲ ဖြစ်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့ပြင်“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဗဟိုအဖွဲ့ဝင်များအနေနဲ့ မိမိတို့အပေါ်မှာ တကယ်သစ္စာထားပြီး ပါတီရဲ့ မူဘောင်အတွင်း ဥက္ကဌကြီးနဲ့အတူ ပါတီခေါင်းဆောင်များရဲ့ လမ်းညွှန်မှုကို လက်ခံမှသာ ပြည်သူလူထုတရပ်လုံးက အဖွဲ့ချုပ်အပေါ်မှာ ယုံကြည်လေးစားမှုရှိပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ လာမဲ့ ရွေးကောက်ပွဲအဆက်ဆက်တွေမှာလည်းပဲ ပြည်သူလူထုထောက်ခံမှုကို ဆက်လက်ရယူနိုင်ရမယ်လို့ အလေးအနက်ပြောကြားလိုပါတယ်”ဟု နာယက ဦးတင်ဦးက ဆက်လက်ထည့်ပြောကြားသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်မြင့်၊ ပါတီဗဟိုကော်မတီအတွင်းအရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ပါတီဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်ပိုင်း NLD ဗဟိုကော်မတီအစည်းအဝေး ပထမဦးဆုံး အကြိမ်ကျင်းပ ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်ပိုင်း NLD ဗဟိုကော်မတီအစည်းအဝေး ပထမဦးဆုံး အကြိမ်ကျင်းပ Reviewed by THITHTOOLWIN on 12:50 Rating: 5
Powered by Blogger.