တပ်မတော်ယာဉ်တန်းအား KIA/TNLA က တံတားမိုင်းခွဲဖျက်ဆီးပြီး တိုက်ခိုက်

ရိက္ခာများပို့ဆောင်ရန်ထွက်ခွာလာသော တပ်မတော်ယာဉ်တန်းအား KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ များက တံတားမိုင်းခွဲဖျက်ဆီးပြီး တိုက်ခိုက်
နေပြည်တော်၊ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရန် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအတွက် ရိက္ခာများပို့ဆောင်ရန် ကွတ်ခိုင်မှထွက်ခွာလာသော တပ်မတော်ယာဉ်တန်းသည် နိုဝင်ဘာ ၃၀ ရက် နံနက် ၃ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်၊ ဆွန်လုံကျေးရွာအနီးရှိ ဆွန်လုံတံတားသို့ ရောက်ရှိစဉ် KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့အင်အား ၃၀ ဦးခန့်က ဆွန်လုံတံတားအား မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး၍ တပ်မတော်ယာဉ်တန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူများ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။


ဖြစ်စဉ်တွင် ရန်သူထံမှ RPG သေနတ် ၁ လက်၊ ၎င်းဗုံးသီး ၁ လုံး၊ အမ် ၂၂ ကျည်အိမ် ၁ ခုနှင့် အမ် ၂၂ ကျည် ၃၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်စစ်ကြောင်းမှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းအကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဆွန်လုံတံတား၏ တံတားကြမ်းခင်း ၁၀ ပေခန့်ပေါက်ထွက်ပျက်စီးခဲ့ပြီး တံတားလက်ရန်း ၁၀ ပေခန့်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ရန်သူဆုတ်ခွာရာနောက်သို့ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းစဉ်
https://www.facebook.com/mmdefencenews/
တပ်မတော်ယာဉ်တန်းအား KIA/TNLA က တံတားမိုင်းခွဲဖျက်ဆီးပြီး တိုက်ခိုက်  တပ်မတော်ယာဉ်တန်းအား KIA/TNLA က တံတားမိုင်းခွဲဖျက်ဆီးပြီး တိုက်ခိုက် Reviewed by THITHTOOLWIN on 11:21 Rating: 5
Powered by Blogger.