ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း KIA/MNDAA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက တပ်မတော်စခန်း၊ ရဲကင်းများအား တစ်ချိန်တည်းတစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်


နေပြည်တော်၊ နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွင် KIA/MNDAA/TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များသည် ယနေ့ နံနက်စောပိုင်းတွင် တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်စခန်းနှင့် ရဲကင်းများအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်းအင်အားသုံး၍ တစ်ချိန်တည်းတစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

ဦးစွာ ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် မူဆယ်မြို့အဝင် လုံခြုံရေးရဲကင်းအား စိစစ်ဆဲ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ပြန်လည်တိုက်ခိုက်ခဲ့သည်။

ဆက်လက်၍ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် မူဆယ်နှင့်ကွတ်ခိုင်အကြား မိုင်တိုင်အမှတ်(၂၅၉)အနီးရှိ ပေ ၂၀ အရှည် ကွန်ကရစ်တံတားအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖောက်ခွဲခဲ့ရာ အချင်း ၃ ပေ၊ အနက် ၈ လက်မခန့် ပေါက်ကွဲပျက်စီးခဲ့သည်။


ယင်းဖြစ်စဉ်များနှင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် တပ်မတော်မှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် မုံးကိုးစခန်းအား KIA/MNDAA လက်နက်ကိုင် ပူးပေါင်းအင်အား ၂၀ဝ ဦးခန့်၊ ဖောင်းဆိုင်စခန်းအား လက်နက်ကိုင်အင်အား ၁၀ဝ ဦးခန့်၊ မန်ကန်စခန်းအား လက်နက်ကိုင်အင်အား ၈၀ ဦးခန့်တို့မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်စခန်းအသီးသီးမှ ပြန်လည်တိုက်ခိုက်ခဲ့သည်။


ထို့နောက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် တပ်မတော်မှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် ကြူကုတ်(ပန်ဆိုင်း)စခန်းအား KIA/MNDAA လက်နက်ကိုင် ပူးပေါင်းအင်အား ၅၀ ဦးခန့်မှလည်းကောင်း၊ (၁၀၅)မိုင် ရဲကင်းအား အင်အားစိစစ်ဆဲ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှလည်းကောင်း၊ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့အကြား ကားလမ်းပေါ်ရှိ နမ့်ပေါ်တံတား လုံခြုံရေးစခန်းအား KIA/TNLA လက်နက်ကိုင်ပူးပေါင်းအင်အား ၁၀ဝ ဦးခန့်ကလည်းကောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာ တပ်စခန်းများမှ ပြန်လည်တိုက်ခိုက်မှုများကြောင့် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရန်သူများ ပြန်လည်ဆုတ်ခွာသွားသည်။ ယင်းဖြစ်စဉ်တွင် ရန်သူများက နမ့်ပေါ်တံတားအား မိုင်းဖောက်ခွဲခြင်း၊ တံတားအနီးရှိ ဈေးဆိုင် ၃ ဆိုင်အား မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ရာ နမ့်ပေါ်တံတား ၂ ပေ ပတ်လည်ခန့် ပေါက်ကွဲပျက်စီးခဲ့သည်။ ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ် ခန့်တွင် သိန်းနီမြို့ နမ္မတူတံတားပေါ်တွင် ပါဂျဲရိုးယာဉ် ၁ စီး ရပ်တန့်ထားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တံတား၏ ကြမ်းခင်း အလျား ၁၀ ပေ၊ အနံ ၆ ပေခန့် ပျက်စီးခဲ့ပြီး တံတားလက်ရမ်း ပေ ၆၀ ခန့် ပျက်စီးခဲ့သည်။


ယင်းတိုက်ပွဲဖြစ်စဉ်များအနက် ကြူကုတ်(ပန်ဆိုင်း)စခန်း၊ မုံးကိုးစခန်းနှင့် မန်ကန်စခန်းများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ကျန်စခန်းများတွင် လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ သွားပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် အင်အားစိစစ်ဆဲ TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့သည် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးအား ကွတ်ခိုင်မြောက်ခြမ်းတွင် ယာဉ်ကြီးများဖြင့် ရပ်တန့်ပိတ်ဆို့ထား၍ တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်းဖယ်ရှားခဲ့ရကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း KIA/MNDAA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက တပ်မတော်စခန်း၊ ရဲကင်းများအား တစ်ချိန်တည်းတစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်  ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း KIA/MNDAA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက တပ်မတော်စခန်း၊ ရဲကင်းများအား တစ်ချိန်တည်းတစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက် Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.