ဖားကန့်မြို့နယ်ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ ဂိုဒေါင်များနှင့် မော်တော်ယာဉ်များအား KIA လက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီး


နေပြည်တော်၊ နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်အုပ်စု၊ ထုံးဘိုရပ်ကွက်ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီရုံးဝင်းရှေ့သို့ နိုဝင်ဘာ ၂ ရက် ည ၆ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ငယ် ကိုယ်စီကိုင်ဆောင်၍ အရပ်ဝတ်များဝတ်ဆင်ထားသည့် KIA လက်နက်ကိုင်အဖွဲ့မှ အင်အား ၂၀ ဦး ခန့်က ကုမ္ပဏီဂိတ်စောင့်ဝန်ထမ်းဖြစ်သူ ဦးသိန်းအောင်အား ပစ္စတိုဖြင့်ချိန်ရွယ်ကာ ကုမ္ပဏီရုံးခန်းသို့ပို့ဆောင်ရန် ခိုင်းစေခဲ့သည်။

ထို့နောက် ရုံးခန်းရှိဝန်ထမ်းများအား ရုံးခန်းရှေ့မြေကွက်လပ်၌ မှောက်ခိုင်းပြီး ရုံးခန်းရှိမှန်တံခါးနှင့် မျက်နှာကြက်များအား ရိုက်ခွဲဖျက်ဆီးကာ ဂိုဒေါင်၊ ၀န်ထမ်းဆောင် တစ်လုံးနှင့် ရုံးဝင်းအတွင်းရပ်ထားသည့် ဗွီဂို အမျိုးအစား မော်တော်ယာဉ်သုံးစီးတို့အား အသင့်ယူဆောင်လာသည့် ဓာတ်ဆီပုံးလေးပုံး ဖြင့်ပက်ဖျန်း၍ ဒေသန္တရလက်လုပ်မိုင်းများဖြင့် ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့ပြီး ကုမ္ပဏီမှ ယာဉ်မောင်း ဦးစိုင်းစံသိန်းအား ရိုက်နှက်ခဲ့ ၍ ည ၇ နာရီ ၁၀ မိနစ်တွင် ဆိုင်းတောင်ရွာ ဟောင်းဘက်သို့ ပြန်လည်ထွက်ခွာသွားသည်။


အဆိုပါ မီးလောင်ရာနေရာသို့ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မီးသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၁၂ စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခွဲခန့်တွင် မီးငြိမ်း သွားခဲ့ပြီး တပ်မတော်စစ်ကြောင်းက မပေါက်ကွဲသေးသော ဒေသန္တရလက်လုပ်မိုင်းကိုးလုံးအား သိမ်းဆည်းရမိခဲ့သည်။

KIA လက်နက်ကိုင်အဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ယန္တရားအပိုပစ္စည်းထားသည့် သွပ်မိုးပျဉ်ကာ ဂိုဒေါင် တစ်လုံး၊ အလုပ်သမား ကြီးကြပ်ဆောင် တစ်လုံး၊ မော်တော်ယာဉ် လေးစီး၊ တာယာမျိုးစုံ ၂၀၀ လုံးတို့ ပျက်စီးခဲ့ ပြီး အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါ နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ဖားကန့်မြို့နယ်ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ ဂိုဒေါင်များနှင့် မော်တော်ယာဉ်များအား KIA လက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီး ဖားကန့်မြို့နယ်ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ ဂိုဒေါင်များနှင့် မော်တော်ယာဉ်များအား KIA လက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 11:15 Rating: 5
Powered by Blogger.