KIA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် (၂) ဦး ပြန်လည်လွတ်မြောက်လာ


နိုဝင်ဘာ-၂၉

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ဒုရဲအုပ် မြင့်ဌေးနှင့် ရဲတပ်ကြပ် လင်းထက်တို့သည် နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ကွတ်ခိုင်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထားသည့် တရားခံအား မြို့နယ်တရားရုံးသို့ တရားစွဲတင်ခဲ့ပြီး လုပ်ငန်းတာဝန်ပြီးဆုံး၍ ညနေ ၃ နာရီတွင် နမ့်ဖတ်ကာ ရဲစခန်းသို့ ပြန်လာခဲ့ကြသည်။ ည ၇ နာရီထိ စခန်းသို့ ပြန်လည် ရောက်ရှိခြင်း မရှိသဖြင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရှာဖွေရာ ည ၁၀ နာရီ ၂၅ မိနစ်တွင် ကောင်းလိမ်ရွာအနီး ပြည်ထောင်စုကားလမ်း မိုင်တိုင်အမှတ် ၂၃၃/၅-၆ အကြား ၎င်းတို့အသုံးပြုသည့် ဟွန်ဒါဖစ်ယာဉ်အား တွေ့ရှိရပြီး ရဲတပ်ဖွဲ့ဝင် (၂) ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ မှ ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားကြောင်းသိရသည်။

ဓါတ်ပုံ ။ ။ (နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
ဒေသခံအချို့၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့ဝင်(၂)ဦးအား KIA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့အား အသက်အန္တရာယ်မပြုရန် ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် မေတ္တာရပ်ခံထားကြောင်းသိရသည်။ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ယနေ့(29-11-2016) ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း၊ အကောင်းပကတိအတိုင်း ပြန်ရောက်လာစေရမည်ဖြစ်ကြောင်း၊ စခန်းရောက်မှ ရိုက်နှက်စစ်ဆေးမှုများ မလုပ်မိစေလိုကြောင်း ဖမ်းဆီးသွားသည့်အဖွဲ့မှ KIA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးဟု ယူဆရသည့် အကောင့်ပိုင်ရှင်က ကိုရဲမိုး၏ လူမှုကွန်ယက်စာမျက်နှာအောက်တွင် မှတ်ချက်ဝင်ရေးထားကြောင်းကိုလဲ တွေ့ရသည်။

၎င်းတို့ပြောကြားခဲ့သည့်အတိုင်း ညနေ(၄း၃၀)အချိန်တွင် ပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ နမ့်ဖတ်ကာရဲစခန်းသို့ ပြန်လည်ရောက်ရှိလာကြောင်းသိရသည်။

Nay Myo (Lashio News)
KIA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် (၂) ဦး ပြန်လည်လွတ်မြောက်လာ  KIA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် (၂) ဦး ပြန်လည်လွတ်မြောက်လာ Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.