KIA/ MNDAA/ TNLA အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်မှု တပ်မတော် သတင်းထုတ်ပြန်


ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း KIA/ MNDAA/ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့များက တပ်မတော်စခန်းများ၊ ရဲကင်းများအား အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်၊ တံတားများအား ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွင် KIA/ MNDAA/ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ယနေ့ နံနက်စောပိုင်းတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်စခန်းများနှင့် ရဲကင်းများအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အင်အားသုံး၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဦးစွာ ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် မူဆယ်မြို့အဝင်ရှိ မြို့လုံခြုံရေးရဲကင်းအား KIA/ MNDAA/ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့ အင်အား ၄၀ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များက ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရန်သူများ အရှေ့တောင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်။


ထိုအတူ နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် မုံးကိုးတပ်စခန်းအား သောင်းကျန်းသူပူးပေါင်းအင်အား ၂၀ဝ ဦးခန့်မှလည်းကောင်း၊ ဖောင်းဆိုင်တပ်စခန်းအား သောင်းကျန်းသူအင်အား ၁၀ဝ ဦးခန့်မှလည်းကောင်း၊ မန်ကန်တပ်စခန်းအား သောင်းကျန်းသူအင်အား ၈၀ ဦးခန့်မှလည်းကောင်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လက်နက်ကြီး/လက်နက်ငယ်များဖြင့် ဝိုင်းပတ်တိုက်ခိုက် ခဲ့သည်။ တပ်စခန်းအသီးသီးမှ ပြန်လည်တိုက်ခိုက်မှုကြောင့် ရန်သူများသည် ဖောင်းဆိုင်စခန်းမှ နေ့လည် ၁၀ နာရီတွင်လည်းကောင်း ပြန်လည်ဆုတ်ခွာသွားသည်။ မန်ကန်စခန်းအား ရန်သူများက အင်အားတိုးမြှင့်၍ ဝိုင်းပတ်တိုက်ခိုက်လာသဖြင့် ယနေ့ နေ့လယ် ၂ နာရီခန့်တွင် လေကြောင်းမှ ရဟတ်ယာဉ်ပစ်ကူပေး တိုက်ခိုက်ခဲ့ရပြီး မုံးကိုးစခန်းနှင့် မန်ကန်စခန်းတို့တွင် ကြို့ကြား၊ ကြို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ ယင်းဖြစ်စဉ်များတွင် တပ်မတော်မှ အရာရှိ/ စစ်သည်အချို့ ထိခိုက်ကျဆုံးခဲ့ပြီး သောင်းကျန်းသူ အလောင်းအချို့ သိမ်းဆည်းရမိခဲ့ကာ ဒဏ်ရာရရှိထားသည့် KIA/ MNDAA သောင်းကျန်းသူ အချို့အား လက်ရဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် တပ်မတော်မှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် ကြူကုတ်(ပန်ဆိုင်း)စခန်းအား သောင်းကျန်းသူပူးပေါင်းအင်အား ၅၀ ဦး ခန့်မှလည်းကောင်း၊ (၁၀၅)မိုင် ရဲကင်းအား သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့မှလည်းကောင်း၊ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မူဆယ်မြို့မှ ၁၈ မိုင်အကွာ ပြည်ထောင်စုလမ်းပေါ်ရှိ နမ့်ပေါ်တံတား လုံခြုံရေးတပ်စခန်းအား သောင်းကျန်းသူပူးပေါင်းအင်အား ၁၀ဝ ဦးခန့်မှလည်းကောင်း လာရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်မှုကြောင့် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားသည်။ ဖြစ်စဉ်အတွင်း နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် သောင်းကျန်းသူများက နမ့်ပေါ်တံတားအား မိုင်းခွဲဖျက်ဆီးခဲ့ရာ ၂ ပေ ပတ်လည်ခန့် ပေါက်ပြဲပျက်စီးသွားခဲ့ပြီး တံတားအနီးရှိ ဈေးဆိုင်ခန်း ၃ ခန်းအား မီးရှို့ခဲ့သည်။ ယင်းဖြစ်စဉ်များတွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တစ်ချို့ ထိခိုက်ကျဆုံးခဲ့သည်။ အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံး၍ အကောက်ခွန်ဝန်ထမ်း ၁ ဦးနှင့် ပြည်သူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁ လောင်းနှင့် လက်နက်/ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိခဲ့သည်။


အဆိုပါ တိုက်ပွဲဖြစ်စဉ်များတွင် သောင်းကျန်းသူများသည် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းပေါ်ရှိ တံတားအချို့အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများ၊ လမ်းကြောင်းပိတ်ဆို့မှုများအားလည်း လုပ်ဆောင်ခဲ့ သည်။ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် မူဆယ်နှင့်ကွတ်ခိုင်အကြား မိုင်တိုင်(၂၅၉)အနီးရှိ ပေ ၂၀ အရှည် ကွန်ကရစ်တံတားအား မိုင်းဖောက်ခွဲခဲ့ရာ အချင်း ၃ ပေ၊ အနက် ၈ လက်မခန့် ပေါက်ပြဲပျက်စီးခဲ့သည်။ အလားတူ နံနက် ၁၀ နာရီ ၂၅ မိနစ် ခန့်တွင် သိန်းနီမြို့အနီးရှိ နမ္မတူတံတားပေါ်တွင် ရပ်တန့်ထားသည့် ပါဂျဲရိုးယာဉ်မှ ပေါက်ကွဲမှုဖြစ်၍ တံတားကြမ်းခင်း အလျား ၁၀ ပေ၊ အနံ ၆ ပေခန့်နှင့် တံတားလက်ရမ်း ပေ ၆၀ ခန့် ကျိုးပဲ့ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် နံနက် ၁၀ နာရီခန့်တွင် တာမိုးညဲနယ်မြေခံတပ်ရင်းအား သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့မှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်၍ သက်ဆိုင်ရာတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့မှ ကွတ်ခိုင်နဲ့ မူဆယ်အကြား နောင်ဆွေရွာအနီး၌ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ယာဉ်ကြီးများအား ရပ်တန့်ပိတ်ဆို့ထားသဖြင့် နယ်မြေခံတပ်မတော်စစ်ကြောင်းမှ သွားရောက်တိုက်ခိုက်ရှင်းလင်းဖယ်ရှားခဲ့ရသည်။ တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာသွားသော ရန်သူများနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် မူဆယ်၊ ကုန်သွယ်ရေးစခန်းဇုံ(၁၀၅)မိုင် ရဲစခန်းအား အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၈ ဦး၊ အကောက်ခွန်ဝန်ထမ်း ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား မူဆယ်ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသခဲ့ရာ ဒဏ်ရာပြင်းထန်သူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ဦးခေါင်းတွင် ဒဏ်ရာရရှိသူ ဒေါ်ရှန်ဆွေ အသက် (၅၆) နှစ်တို့အား ယနေ့ ညနေ ၅ နာရီတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် မူဆယ်မြို့မှ လားရှိုးမြို့သို့ သယ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
KIA/ MNDAA/ TNLA အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်မှု တပ်မတော် သတင်းထုတ်ပြန်  KIA/ MNDAA/ TNLA အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်မှု တပ်မတော် သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.