GSP ခံစားခွင့်အပြည့်ရဖို့ မြန်မာ့စီးပွားရေးများ အဆင်သင့်မဖြစ်


မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ပြန်ရလာပြီဖြစ်ပေမယ့်၊ ဒီအခွင့်အရေးကို အပြည့်အ၀ခံစားဖို့ မြန်မာနိုင်ငံအနေနဲ့ အသင့်မဖြစ်သေးဘူးလို့ UMFCCI တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအခွင့်အရေးကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ မျှော်လင့်ပေမယ့်၊ အလုပ်သမားတွေရဲ့အရည်အချင်း နဲ့ ကုန်ပစ္စည်အရည်အသွေးတွေ ပိုကောင်းလာအောင် လုပ်ဖို့လည်းလိုတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အမေရိကန် နဲ့ မြန်မာ ၂ နိုင်ငံ ကုန်သွယ်ရေးဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးကင်းလွတ်ခွင့် (GSP) ပြန်လည်ရရှိသွားပြီဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ စက်တင်ဘာလက အမေရိကန်သမ္မတအိုဘားမား နဲ့ တွေ့ဆုံပြီးတဲ့နောက် - အမေရိကန်ဘက်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းပေးခဲ့သလို၊ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးကင်းလွတ်ခွင့်တွေပေးဖို့ သဘောတူလက်မှတ်ထိုးပြီးတဲ့နောက် ရက်ပေါင်း ၆၀ အကြာမှာ အခုလို ကုန်သွယ်ရေးဆိုင်ရာ အထူးကင်းလွတ်ခွင့်ကို ပြန်ရရှိလိုက်တာပါ။

အခုလို GSP ပြန်ရလိုက်တဲ့အတွက် မြန်မာနိုင်ငံဘက်က ကုန်ပစ္စည်းအမျိုး ၅ ထောင်လောက် အမေရိကန်ပြည်ထောင်စုကို တင်ပို့တဲ့အခါမှာ အခွန်ကင်းလွတ်ခွင့်တွေရရှိမှာဖြစ်ပါတယ်။ GSP ပြန်ပေးလိုက်တဲ့အပေါ်မှာ ၀မ်းမြောက်ကြိုဆိုပေမယ့်၊ ဒီအခွင့်အရေးကို အပြည့်အ၀ ခံစားနိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်အနေအထားမှာ မရှိသေးဘူးလို့ မြန်မာနိုင်ငံ ကုန်သည်/စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။

“GSP ပေးလည်း ကျနော်တို့ ခံစားခွင့်ရှိဖို့ ကျနော်တို့ အဆင်သင့်မဖြစ်သေးဘူး။ ကြိုးစားရဦးမယ် ကျနော်တို့။ ဒါပေမယ့် ဒါ ကြန့်ကြာ မှာတော့မဟုတ်ဘူး အစိုးရကော၊ လုပ်ငန်းရှင်ကော ပွင့်ပွင့်လင်းလင်း အကုန်လုံး တပြိုင်နက် ဘာလုပ်မယ်ဆိုတဲ့ strategy step by၊ step 1 step 2 step 3 ဘာလုပ်မယ်ဆိုတာတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ လိုသေးတယ်။”

GSP အထူးကင်းလွတ်ခွင့် ပေးလိုက်တာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမယ်လို့ မျှော်လင့်တယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံအနေနဲ့ အလုပ်သမားတွေရဲ့ စွမ်းရည်ကိုမြှင့်တင်ပြီး ၊ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေး နဲ့ ထုတ်လုပ်မှုမြှင့်တင်နိုင်မှ သာ GSP အခွင့်အရေးကို အပြည့်အ၀အသုံးချနိုင်မှာဖြစ်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။

“ထုတ်ကုန်တွေအားလုံးက နိုင်ငံတကာ standard မီအောင် လို့ အရည်အသွေးကော၊ အရေအတွက်ကော၊ ကျနော်တို့ ဈေးနှုန်းကော၊ ဒါတွေအားလုံးလက်ခံနိုင်အောင်လို့ ကျနော်တို့ ကြိုးစားရပါလိမ့်မယ်။ အလုပ်သမားများရဲ့ Productivity ကို ကျနော်တို့ မြှင့်တင်ရပါလိမ့်မယ်၊ အဲဒါမှ နိုင်ငံတကာကလည်း ကျနော်တို့ အလုပ်သမားများရဲ့ Productivity ကိုလက်ခံနိုင်ပြီး Quality ကိုလည်း လက်ခံနိုင်တဲ့အခါ Investor တွေလာဖို့ ပိုပြီးအခွင့်အရေးရပါလိမ့်မယ်။ ဒါမှမဟုတ်ဘူးဆိုရင် ၁၀၀ % နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလူတွေအနေနဲ့တော့ ခံစားသွားရမှာပါ။ ကျနော်တို့ကတော့ Labor အဖြစ် အလုပ်သမားရရှိရုံသက်သက်ထက် ပိုပြီးတော့အကျိုးအမြတ်ရှိမယ့် Investor role ကိုရောက်အောင် ကျနော်တို့ အများကြီးအချိန်ယူရပါလိမ့်မယ်။”

မြန်မာအစိုးရသစ်လက်ထက် ပထမ ၆ လအတွင်းမှာ နိုင်ငံရဲ့ စီးပွားရေးဟာ ထင်ထားသလောက် တိုးတက်မှုမရှိခဲ့ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ပြောကြားခဲ့ပါတယ်။ ပြည်ပကို ကုန်ပစ္စည်းတွေ တင်ပို့နိုင်ဖို နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းမှာ စီးပွားရေးအခြေခံအဆောက်အအုံ ကောင်းတွေလိုအပ်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ အသေးစား နဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အတားအဆီးတွေ အများအပြားရှိနေတုန်းပဲလို ဦးအေးလွင်က ပြောပါတယ်။

“ဒီအသေးစား၊ အလတ်စားတွေခေါ်တဲ့ လုပ်ငန်းတွေ တိုးတက်လာဖို့ကတော့ barrier တွေအများကြီးရှိနေတုန်းပါပဲ။ နံပတ် ၁ ကဘာလဲဆိုတော့ မြေဈေးတွေ ဈေးကြီးနေတယ်၊ နံပတ် ၂ က အလွယ်တကူ ချေးငွေတွေမရဘူး၊ နံပတ် ၃ က နည်းပညာ transfer ခက်ခဲနေသေးတယ်၊ နံပတ် ၄ က ကျနော်တို့ ကုန်ကျစရိတ်တွေ Logistic တွေ သယ်ယူပို့ဆောင်ရေးစာရိတ်နဲ့ Initial investment cost တွေက နိုင်ငံတကာနဲ့ယှဉ်ရင် ကျနော်တို့ များနေပါသေးတယ်။ နောက်ဆုံးတချက်အနေနဲ့ ကတော့ ကျနော်တို့မှာ ကျွမ်းကျင်တဲ့ Skill labor တွေ ပြန်ရဖို့ လိုပါတယ်။ Skill labor တွေကိုလည်း Training ပေးနိုင်အောင်လို့ ပြန်လုပ်ရပါလိမ့်မယ်။ ဆိုလိုချင်တာက Investor initial cost တွေ Reasonable cost ဖြစ်ဖို့ လိုသလို ၊ ကျနော်တို့Skill labor တွေလည်း ကျွမ်းကျွမ်းကျင်ကျင်ရှိတဲ့ Labor တွေကို အများကြီးမွေးထုတ်ဖို့ လိုသလို၊ ကုန်ပစ္စည်းတွေ ရဲ့ သယ်ယူပို့ဆောင်ရေးဆိုတဲ့ ဒီ infrastructure စာရိတ်တွေကိုလည်း ကျပေးနိုင်အောင် လုပ်ဖို့ လိုပါမယ်။ အဲဒါမှ ကျနော်တို့ စက်မှုလက်မှုလုပ်ငန်းက တိုးတက်ဖို့အခြေအနေကောင်းမှာပါ။”

အမေရိကန်ကနေ မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေးပေးဖို့အတွက် ပြီးခဲ့တဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာအစိုးရလက်ထက်အတွင်းမှာ စတင်တောင်းဆိုခဲ့တာဖြစ်ပြီး၊ အခု NLD အစိုးရလက်ထက်မှာ အမေရိကန်က ပြန်ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်က မြန်မာနိုင်ငံကို GSP အခွင့်အရေးကို ၁၉၇၆ ခုနှစ်မှာ စတင်ပေးခဲ့တာဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်မှာ မြန်မာစစ်အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးတဲ့နောက် ၁၉၈၉ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံအပေါ် GSP အခွင့်အရေးကို ပြန်ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်တာတွေ ပြန်ရုတ်သိမ်းပြီး အခုလို GSP အခွင့်အရေးတွေ ပြန်ပေးလိုက်တဲ့တချိန်တည်းမှာပဲ၊ မြန်မာအစိုးရအကြီးတန်းတာဝန်ရှိသူတွေ နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scott Marciel အပါအ၀င် ၀ါရှင်တန်ကနေ လာရောက်မယ် အေဂျင်စီပေါင်းစုံက ကိုယ်စားလှယ်တွေဟာ နေပြည်တော်မှာ မနက်ဖြန်တွေ့ဆုံကြမှာဖြစ်ပါတယ်။

 ကိုရန်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
GSP ခံစားခွင့်အပြည့်ရဖို့ မြန်မာ့စီးပွားရေးများ အဆင်သင့်မဖြစ်  GSP ခံစားခွင့်အပြည့်ရဖို့ မြန်မာ့စီးပွားရေးများ အဆင်သင့်မဖြစ် Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.