မြန်မာပြည်မှစစ်ပွဲများရပ်တန့်ရေး တရုတ်၏ ကြားဝင်ဆောင်ရွက်မှု လိုအပ်ဟု Global Times သတင်းဌာနဖော်ပြ

Photo-တိုက်ပွဲများကြောင့် ၀မ်ဒိန်းမြစ်ကိုဖြတ်၍ တရုတ်ပြည်တွင်းရှောင်တိမ်းဝင်ရောက်ရန်ကြိုးပမ်းနေသော မြန်မာနိုင်ငံသားတဦးအား တွေ့ရစဉ်)
တရုတ်-မြန်မာနယ်စပ်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား လတ်တလောဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကြောင့် ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်ကျော်၍ တရုတ်နိုင်ငံထဲသို့ ၀င်ရောက်လာခဲ့ကြသည်။ နယ်စပ်ဒေသတလျှောက်ရှိ တရုတ်နိုင်ငံသားတို့၏ အလုပ်အကိုင်နှင့်လူနေမှုဘ၀များအပေါ် ဆိုးရွားစွာ ထိခိုက်ခဲ့ပြီဖြစ်သည်။

သမိုင်းတွင် အရှည်လျားဆုံး ပြည်တွင်းစစ်များထဲမှတခုဖြစ်သော မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့သောစစ်ပွဲကာလတလျှောက် ဘယ်သောအခါကမှ စစ်မှန် သော စစ်ပြေငြိမ်းမှုမရရှိခဲ့ချေ။ အကျိုးဆက်အဖြစ် တရုတ်-မြန်မာနယ်စပ်ဒေသ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ထိခိုက်မှုများရှိပြီး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေး ကော်ရစ်ဒါနှင့် ၂၁ ရာစုပိုးလမ်းမဖော်ဆောင်မှု လုပ်ငန်းစဉ်များအတွက် အဟန့်အတားဖြစ်လျက်ရှိသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ခြွင်းချက်မရှိ အမြန်ဆုံးစစ် ပြေငြိမ်းရေးသဘောတူညီမှုရရှိရန် လိုအပ်ပြီး ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန်အတွက် မူဘောင်တခုချ၍ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်သည်။ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးတွင် တာဝန်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကလည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အချိန်အခါနှင့် ကိုက်ညီစွာ အာလုံးပါဝင်နိုင်မည့် ချဉ်းကပ်ပုံလမ်းစဉ်ကိုရွေးချယ်ထားသည်။ မြန်မာ့ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NLD အစိုးရနှင့်အတူတကွ တက်ကြွစွာ ပါဝင်သင့်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် ဖိအားပေးမည့်အစား တပ်မတော်အနေဖြင့် လူနည်းစု တိုင်းရင်း သားများ၏ ယုံကြည်မှု ရရှိရန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးရရှိရန် ယခုထက်ပို၍ ဘက်စုံပါဝင် ရေးရပ်တည်မှုကို ကိုင်စွဲသင့်သည်။

တိုင်းရင်းသားလက်နက်ကိုင်များဘက်မှလည်း စစ်ရေး၊ သံတမန်ရေးဆိုင်ရာ အာဏာများတောင်းဆိုခြင်းထက် ၎င်းတို့၏ ရပ်တည်ချက်ကို ပို၍လက်တွေ့ကျကျ အတိုးအလျှော့လုပ်သင့်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ခြင်းဖြင့်သာ(ဒေသ)ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ပြီး ၎င်းတို့အတွက် ထိုက်တန်သော တရားဝင်အခွင့် အရေးများလည်း ရယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ထို့ပြင်လူများစုလူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း သဘောပေါက်နားလည်သင့်သည်။ သို့ရာတွင် အချို့သောလက်နက်ကိုင် အဖွဲ့အစည်းများသည် လက်တွေ့မကျသော အမြင်မှား အတွေးမှားများကို ကိုင်စွဲထားသည်ကို တွေ့မြင် ရသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာစစ်တပ်နှင့် မြန်မာအစိုးရအပေါ် ဖိအားပေးရန် ၎င်းတို့က လိုလားသည်။ ထိုသို့ဖြင့် အချို့သော လက်နက်ကိုင်များက တရုတ်အစိုးရကို နွံထဲဆွဲခေါ်ရန် ကြိုးစားခဲ့ကြသည်။ ထိုအချက်မှာ လက်တွေ့မကျသည့်အပြင် အန္တရာယ်လည်း ရှိသည်။ ထိုလမ်းစဉ်၏အဆုံးသည် မရဏဖြစ်ပြီး တရုတ်အစိုးရ အနေဖြင့် ၎င်းတို့အလိုကျ ဆောင်ရွက်ပေးမည် မဟုတ်ချေ။

၂၀၁၅ ခုနှစ်က ကိုးကန့်တိုက်ပွဲများကြောင့် မြန်မာပြည်သူများ အတိဒုက္ခ ရောက်ခဲ့ကြသည်။ ယခုတကြိမ်တွင် လည်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် အဆိုပါပရိယာယ်ဟောင်း နည်းလမ်းဟောင်းများကို အသုံးပြုလိုပါက ၎င်းတို့၏ ရွေးချယ်မှုပင် ဖြစ်သည်။ ၎င်းတို့က တရုတ်-မြန်မာဆက်သွယ်ရေးလမ်းကြောင်း အတွက် အရေးပါသည့်ဂိတ်များကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ယင်းကြောင့် အများပြည်သူ၏ ထောက်ခံ မှုကို ဆုံးရှုံးခဲ့ကြသည်။ ထိုအခြေအနေမှ လွန်မြောက်ရန် တတိယပါတီဖြစ်သည့် တရုတ်အစိုးရ၏ ၀င်ရောက် ဆောင်ရွက်မှုကို သက်ဆိုင်ရာ အဖွဲ့အစည်းများက မျှော်လင့်လျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နီးကပ်မှုရှိသည့်အလျောက် တရုတ်သည် ၎င်းတို့ အပေါ်သြဇာသက်ရောက်နိုင်စွမ်းရှိပါသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြားနေဆောင်ရွက်မည်ဟု ပြောထားခဲ့သည်။ တရုတ်၏ ကြားဝင်စေ့စပ်မှုကိုလည်း အားလုံးက လက်ခံသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်ရလာရန် တရုတ်က ထိရောက်စွာဆောင်ရွက်ပေးနိုင်သည်။ ဆယ် စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော မြန်မာပြည်တွင်း ပဋိပက္ခများအဆုံးသတ်ရေးအတွက် တရုတ်အစိုးရအနေဖြင့် ဦးဆောင်ဦးရွက်ပြု၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သင့်သည်။ ယင်းမှာ တရုတ်နိုင်ငံ၏ အ၀န်းအ၀ိုင်းတလျှောက်တွင် တည်ငြိမ်အေးချမ်းမှုတည်ဆောက်ရေးနှင့် သြဇာအာဏာထူထောင်ရေးအတွက် အရေးကြီးခြေလှမ်းတခုဖြစ်သည်။

အော်စကာ

(The Global Times သတင်းဌာနက နိုဝင်ဘာ ၂၄ ရက်က ဖော်ပြခဲ့သော China’s role needed for truce in Myanmar ကို ပြန်ဆိုသည်။)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြန်မာပြည်မှစစ်ပွဲများရပ်တန့်ရေး တရုတ်၏ ကြားဝင်ဆောင်ရွက်မှု လိုအပ်ဟု Global Times သတင်းဌာနဖော်ပြ  မြန်မာပြည်မှစစ်ပွဲများရပ်တန့်ရေး တရုတ်၏ ကြားဝင်ဆောင်ရွက်မှု လိုအပ်ဟု Global Times သတင်းဌာနဖော်ပြ Reviewed by THITHTOOLWIN on 06:54 Rating: 5
Powered by Blogger.