Eleven CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ရဲလုပ်ထုံးနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမည်


ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့ ပုဒ်မ(၆၆ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ Eleven သတင်းစာ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ကို ဖမ်းဆီးစုံစမ်းစစ်ဆေးရေးအတွက်ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေတယ်လို့ အရှေ့ပိုင်းခရိုင် ဒုရဲမှူးကြီးမြင့်ထွေးက မီဒီယာတွေကိုပြောပါတယ်။

 နိုဝင်ဘာလ(၆)ရက်နေ့ထုတ် Daily Elevenသတင်းစာမှာ ‘၀န်ကြီးချုပ် တစ်ဦးဒေါ်လာတစ်သိန်းခန့်တန် Patek-philippe နာရီဝတ်ဆင်သည်’၊ “ ယင်းလက်ဆောင်ကိုပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကလွတ်လာခဲ့သော သူဌေးတစ်ဦးဖြစ်ပြီး အစိုးရ အကူးအပြောင်းမှာ မြို့သစ်စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။” ဆိုတဲ့ ရေးသားချက်တွေနဲ့ ပတ်သတ်ပြီး အမှုဖွင့်ခံထားရတာပါ။

 အဲဒါကြောင့် ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ကို နိုဝင်ဘာလ(၁၀)ရက် ညနေ(၄)နာရီနောက်ဆုံးထားပြီး ရဲစခန်းကို လာရောက်ဖို့ တာမွေမြို့မရဲစခန်းက ဆင့်ခေါ်ထားပေမယ့် ရောက်မလာခဲ့ကြပါဘူး။ အဲဒါကြောင့် သူတို့နှစ်ဦးကို ရှာဖွေနေတယ်လို့လည်း ဒုရဲမှူးကြီးမြင့်ထွေးက ပြောပါတယ်။

 ဒီအမှုမှာသက်သေအဖြစ် ဆင့်ခေါ်ခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်ကတော့ Eleven သတင်းစာ ကို တရားစွဲဆိုသွားဖို့မရှိဘူးလို့ မနေ့ကပြောပါတယ်။ ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အစိုးရအဖွဲ့ရုံးမှာ နိုဝင်ဘာလ(၉)ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အမှုဖွင့်တဲ့အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

 အဲဒီလို အမှုဖွင့်လိုက်တဲ့အတွက် မြန်မာသတင်းမီဒီယာကောင်စီအနေနဲ့ ကြားဝင်ညှိနှိုင်းပေးလို့ မရတော့တဲ့အကြောင်း မီဒီယာကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ (၁၀)ရက် ည (၉)နာရီအထိတော့ ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ကို ရဲတပ်ဖွဲ့က ရှာမတွေ့သေးပါဘူး။

5 Plus News
https://www.facebook.com/5plusnews/
Eleven CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ရဲလုပ်ထုံးနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမည် Eleven CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ရဲလုပ်ထုံးနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမည် Reviewed by THITHTOOLWIN on 22:47 Rating: 5
Powered by Blogger.