အောင်စိုးမိုးကျော်ရေယာဉ်ပိုင်ရှင်နှစ်ဦးအား ရေယာဉ်ဥပဒေဖြင့် အမှုဖွင့်

နစ်မြုပ်ရေယာဉ်အား ပြန်ဆယ်ယူနေစဉ် (ဓာတ်ပုံ-စည်သူထွန်း)
မုံရွာ၊ နိုဝင်ဘာ ၅။

အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ရက်၂၀ အကြာတွင် ရေယာဉ်ပိုင်ရှင်နှစ်ဦးအား စစ်ကိုင်းတိုင်းဒေသကြီးရေကြောင်း ညွန်ကြားမှုဦးစီးဌာန (ရညန)မှ ၂၀၁၅ ပြည်တွင်းရေကြောင်း သွားလာရေး ရေယာဉ်ဥပဒေပုဒ်မများဖြင့် နိုဝင်ဘာ ၄ရက်နေ့က အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

နစ်မြုပ်ရေယာဉ် ပိုင်ရှင်များမှာ ကနီမြို့နယ်၊အုန်းပင်ဆိပ်ရွာမှ ကိုဌေးဇော်နှင့် ကိုမြင့်ကျော်တို့ဖြစ်ပြီး ၄င်းတို့အား တိုင်းရညဦးစီးမှူး ဦးတင်အောင်ထွန်းက နစ်မြုပ်မှုဖြစ်ပွားရာ ကနီမြို့နယ်၊ မြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

ဟုမ္မလင်းမှ မုံရွာပြန်လာသည့် အေးငြိမ်းချမ်းသာရေယာဉ်အသင်းမှ အောင်စိုးမိုးကျော်ရေယာဉ်သည် အောက်တိုဘာ ၁၅ ရက်နေ့က ကနီမြို့နယ် မိချောင်း​တွင်းရွာတွင် နစ်မြုပ်ပြီး ပညာရေးဝန်ထမ်း ၃၇ဦးအပါအ၀င် လူပေါင်း ၇၃ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

ရေယာဉ်ပိုင်ရှင်များနှင့်အတူ အောင်စိုးမိုးကျော် ရေယာဉ်အား မောင်းနှင်ခဲ့သော ဆလင် ဦးဇော်မျိုးဝင်းကိုလည်း မူလ အမှုများအပြင် ရေယာဉ်ဥပဒေဖြင့် ထပ်ဖွင့်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုတွင် အသက်ကယ် ပစ္စည်းများ ခရီးသည်ပါသလောက် မရှိခြင်းလူနှင့် ကုန်စည် ကျော်တင်ခြင်း၊ရေယာဉ်အုပ်၊ စက်ခန်းအုပ်များ ကျွမ်းကျင်လက်မှတ်မရှိခြင်း၊ ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်းလက်မှတ်မပါခြင်းတို့ကို တွေ့ခဲ့ရကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
အောင်စိုးမိုးကျော်ရေယာဉ်ပိုင်ရှင်နှစ်ဦးအား ရေယာဉ်ဥပဒေဖြင့် အမှုဖွင့် အောင်စိုးမိုးကျော်ရေယာဉ်ပိုင်ရှင်နှစ်ဦးအား ရေယာဉ်ဥပဒေဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.