အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးတို့အား ပထမဆုံးအကြိမ်ရုံးထုတ်

ရုံးထုတ်လာသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူး (ဓာတ်ပုံ-နိုင်လင်းဦး)
မန္တလေး၊ နိုဝင်ဘာ ၈။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးအား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဒုဦးစီးမှူးတို့အား နိုဝင်ဘာလ ၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ပထမဆုံးအကြိမ်ရုံးထုတ် စစ်ဆေးခဲ့သည်။

ယင်းသို့ရုံးထုတ်ရာတွင် တရားစွဲဆိုခံရသူများဘက်မှ ရှေ့နေပါဝါတင်ခဲ့ပြီး နိုဝင်ဘာလ (၁၇) ရက်နေ့တွင် နံနက် (၁၀)နာရီထက် နောက်မကျပဲ တရားစွဲဆိုခံရသူများကို ရုံးထုတ်လာရန် တရားသူကြီးက ရဲတပ်ဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအား (ပ)၂၂၀/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ (ပ)၂၁၉/၂၀၁၆၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးကျော်ကျော်နိုင်အား (ပ)၂၂၂/၂၀၁၆၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီ မှ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့် က တရားစွဲဆိုထားခြင်း ဖြစ်သည်။

"သူတို့ကိုစွဲတဲ့ ပုဒ်မတွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ က ထောင်ဒဏ် ၁၀ နှစ်ထက်မပိုသော ပြစ်ဒဏ် နဲ့ ငွေဒဏ် ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ က ထောင်ဒဏ် ၇ နှစ်ထက် မပိုသော ပြစ်ဒဏ် နဲ့ ငွေဒဏ်ကို ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားတယ်"ဟု မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးနိုင်သည် မန်ကျည်းအင်းကျေးရွာသစ် ပြည်ထဲရေးအမည်ပေါက် ရွာမြေတိုးချဲ့သတ်မှတ်ပေးရန် ကိစ္စနှင့်ပက်သက်ပြီး ယင်းကျေးရွာနေ ဒေသခံများထံမှ လက်ဆောင်ယူခြင်း နှင့် ငွေကျပ် ၅ သိန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌လည်းကောင်း ပုဆိုး နှင့် အင်္ကျီအပါအဝင် ငွေကျပ် သိန်း ၃၀ ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌ လည်းကောင်း၊၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း အလီလီလက်ခံရယူခဲ့ကြောင်း သိရသည်။

ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်သည်လည်း ယင်းကျေးရွာကိစ္စနှင့်ပက်သက်၍ ၂၀၁၅ ခုနှစ် မေလအတွင်း က ကမ္ဘာအောင်မြေကုမ္ပဏီပိုင်ရှင်ထံ မှ ငွေကျပ်သိန်း ၅၀ တစ်ကြိမ် ၊ သိန်း ၄၀ တစ်ကြိမ်နှင့် ၃၅ သိန်း တစ်ကြိမ် လက်ခံရယူထားကြောင်း သိရသည်။

ထို့အပြင် အုပ်ချုပ်ရေး ကိစ္စရပ်များ ဆောင်ရွက်သည့်နေရာတွင် လစ်လပ်လျှက်ရှိရာ ယင်းနေရာအတွက် ပြင်ဦးလွင်ခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန မှ လက်ထောက် ညွှန်ကြားရေးမှူးအား ယာယီခန့်အပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးတို့အား ပထမဆုံးအကြိမ်ရုံးထုတ် အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးတို့အား ပထမဆုံးအကြိမ်ရုံးထုတ် Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.