ဖောက်ခွဲရေးသုံး ပစ္စည်းများစွာနှင့် ကျောက်စိမ်းတုံးအား ဖမ်းဆီးရမိ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ သယ်ဆောင်လာသည့် ဖောက်ခွဲရေးသုံး တီတိုနီတာကြိုး အမြောက်အများနှင့် ကျောက်စိမ်း(၃)တုံးအား ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နှင့် (၂၄)မိုင်အကွာတွင် ရှိသော ၀မ်ဖွန်ကျေးရွာတပ်စခန်းတွင် တပ်မတော်မှ စစ်ဆေးရေး ပြုလုပ်စဉ် နိုဝင်ဘာလ (၁)ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း လဲချားမြို့မရဲစခန်းမှ သိရသည်။


"တီတိုနီတာကြိုးတွေက ဖောက်ခွဲရေးလုပ်တဲ့နေရာမှာ အဓိကသုံးတာ အကုန်လုံး ဖောက်ခွဲလို့ရတယ် ငါးမိုင်းခွဲတာတို့၊ လမ်း၊ တံတား ဖျက်ဆီးတာကအစပေါ့ ပြင်းပြင်းထန်ထန်ကို ဖောက်ခွဲလို့ရတယ် နေရာမျိုးစုံမှာ အသုံးပြုလို့ရတယ်၊ သယ်လာတာက လားရှိုးကနေ လဲချားကိုသယ်လာတာ လမ်းမှာ တပ်မတော်လုံခြုံရေးက စစ်ဆေးတွေ့ရှိလို့ စခန်းကိုပြန်ပြီး လွှဲလာတာပါ"ဟု လဲချားမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသော ပစ္စည်းများမှာ (၁၂)ပေနှင့် (၉)ပေခွဲရှည်သော အစိမ်း၊ အညို၊ အဖြူ၊ နီကြား၊ နက်ကြားအရောင်များရှိ တီတိုနီတာကြိုးပေါင်း (၅၉၅၀)ချောင်းနှင့် (၁)လက်မခွဲပတ်ဝန်းကျင်ရှိ ကျောက်စိမ်းတုံး (၃)တုံးတို့ ပါဝင်ကြောင်း သယ်ဆောင်လာသူမှာ လူ(၂)ဦးဖြစ်ပြီး လားရှိုး၊ ကျေးသီး၊ မိုင်းရယ် လမ်းကြောင်း အောက်တိုဘာလ (၃၁)ရက်နေ့တွင် စတင်ထွက်ခွာလာပြီး လဲချားမြို့နှင့် (၂၄)မိုင်အကွာတွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။


သယ်ဆောင်လာသော ပစ္စည်းများအား လားရှိုးမြို့မှ သယ်ဆောင်လာခြင်းဖြစ်ပြီး လဲချားမြို့၊ ဖောင်တော်ဦးကျောင်းတိုက် လမ်းကြားရှိအိမ်တွင် တည်းခိုးရန် မှာကြားလိုက်ကြောင်း အမှုနှင့်ဆက်စပ်လျှက် ကွင်းဆက်တရားခံများအား ဖမ်းဆီးမိနိုင်ရန် လဲချားမြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးလျှက်ရှိပြီး အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

"ဒီပစ္စည်းတွေ အန္တရာယ်တော်တော်များတယ်ပြောတယ် ကြိုးတစ်ချောင်းက လူ(၄)ယောက်လောက်ကို သေစေနိုင်တယ် တချို့ကျတော့ ငါးမိုင်းခွဲတဲ့ နေရာမှာသုံးတာ ဒါပေမယ့် ဒီလောက်အများကြီး မတွေ့ဖူးဘူး ဒီလောက်များတာ ဘယ်နားသုံးမှာလဲတော့မသိသေးဘူး စုံစမ်းစစ်ဆေးနေတုန်းလို့တော့ ရဲစခန်းကပြောတယ်"ဟု လဲချားမြို့ခံ တစ်ဦးက Tachileik News Agencyသို့ ပြောသည်။

သတင်း - ဟံနိုင်
ဓာတ်ပုံ - ရဲစခန်း
Tachileik News Agency
http://www.tachileik.net
ဖောက်ခွဲရေးသုံး ပစ္စည်းများစွာနှင့် ကျောက်စိမ်းတုံးအား ဖမ်းဆီးရမိ  ဖောက်ခွဲရေးသုံး ပစ္စည်းများစွာနှင့် ကျောက်စိမ်းတုံးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.