ခြေထောက်တွင် ဘာသာရေးနှင့်ပတ်သက်၍ တက်တူးထိုးထားသော ကမ္ဘာလှည့်ခရီးသည်အား မန္တလေးတွင် တွေ့ရှိ၍ ပြည်နှင်ဒဏ်ပေး


မန္တလေး နိုဝင်ဘာ ၈

မန္တလေးမြို့ကိုအလည်အပတ်ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွားတစ်ဦးကို ခြေထောက်မှာဗုဒ္ဓပုံတော် တက်တူးထိုးထားတာတွေ့ရလို့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် ၆ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးပြီး ချက်ချင်းပဲပြည်နှင်ဒဏ်ပေးလိုက်တယ် လို့ သိရပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့ရပ်ကွက် ၂၇ လမ်း နဲ့ ၂၈ လမ်းကြား၊ ၈၇ လမ်း နဲ့ ၈၈ လမ်းကြားက ဟိုတယ်တစ်ခုမှာတည်းခိုနေတဲ့ အီတလီနိုင်ငံသား Mr.Mola Giannunzion Michale အသက် (၃၄) နှစ်ဆိုသူဖြစ်ပြီး ၄င်းရဲ့ ဝဲဘက်ခြေသလုံးအပြင်ဘက်မှာ ဗုဒ္ဓပုံတူ တက်တူးထိုးထားတာကို တွေ့ လိုက်ရတယ်လို့ ပြည်သူသတင်းပေးချက်အရ အမှတ်(၆)နယ်မြေရဲစခန်း တာဝန်ရှိသူတွေဟာ နယ်ထိန်း ခေါင်ဆောင် ရဲအုပ် ခင်သန်း၊ မြို့နယ် လ၀ကဒုဦးစီးမှူး ဦးဘုန်းကျော်၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးတပ်ဖွဲ့စု (မန္တလေး) ဒုရဲအုပ် အောင်ဇာနည်ကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလင်းတို့ပါဝင်တဲ့အဖွဲ့က ယမန်နေ့နိုဝင်ဘာ ၇ ရက်ညနေပိုင်းက အဆိုပါဟိုတယ်မှခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ပြည်နှင်ဒဏ်ပေးလိုက်တာပါ။
“မနေ့ကစစ်ဆေးပြီး ဒီနေ့မနက်ပိုင်းမှာပြည်နှင်ဒဏ်ပေး လိုက်တာပါ၊ ဒီကနေရန်ကုန်ကိုပို့ပြီး အဲဒီကနေမှ သူတစ်ဆင့်လာခဲ့တဲ့နိုင်ငံကိုပြန်ပို့မှာပါ"လို့ မြို့နယ်တာဝန်ရှိသူကပြောပါတယ်။

၎င်းဟာ နိုဝင်ဘာ ၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ မန္တလေး အပြည် ပြည်ဆိုင်ရာလေဆိပ်ကိုဝင်ရောက်လာတာဖြစ်ပြီး နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ အလည်အပတ်ဗီဇာ ရထားတယ်လို့သိရပါတယ်။

china.com Myanmar
https://www.facebook.com/china.com.mm/
ခြေထောက်တွင် ဘာသာရေးနှင့်ပတ်သက်၍ တက်တူးထိုးထားသော ကမ္ဘာလှည့်ခရီးသည်အား မန္တလေးတွင် တွေ့ရှိ၍ ပြည်နှင်ဒဏ်ပေး  ခြေထောက်တွင် ဘာသာရေးနှင့်ပတ်သက်၍ တက်တူးထိုးထားသော ကမ္ဘာလှည့်ခရီးသည်အား မန္တလေးတွင် တွေ့ရှိ၍ ပြည်နှင်ဒဏ်ပေး Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.