မူဆယ်မြို့တိုက်ပွဲဖြစ်စဉ်တွင် သတင်းချဲ့ကားပြောဆိုဖော်ပြမှုများရှိနေ


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင်ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲဖြစ်စဉ်များတွင် သတင်းချဲ့ကားပြောဆို ဖော်ပြမှုများရှိနေကြောင်း ဒေသခံများက နိုဝင်ဘာ ၂၂ ရက်တွင် ပြောသည်။

“မူဆယ်မှာ ဒီကနေ့တော့ တိုက်ပွဲဖြစ်သံတွေ၊ သေနတ်သံတွေ ဆိတ်ဆိတ်နေတယ်။ ဒီမှာက နေ့ပိုင်းဆို အေး အေးချမ်းချမ်းနဲ့ အသွားအလာမပြတ် ရှိနေတယ်။ တိုက်ပွတြွေက ညနေမှောင်ပြီဆိုရင်တော့ ပစ်ကြတော့တာပဲ။ တချို့ သတင်းဌာနတွေက လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ ကွဲလွဲပြီး ချဲ့ကားပြောဆိုနေကြတယ်။ တိုက်ပွဲဖြစ် တယ်ဆိုတော့ ကောလာဟလတွေ ထွက်တာများတယ်ဗျာ”ဟု မူဆယ်မြို့ ဖရဲသီးပွဲရုံပိုင်ရှင် ဦးစိုင်းမြင့်ဘိုက ပြောသည်။

နိုဝင်ဘာ ၂၀ ရက်တွင် RIA, MNDAA, TNLA ပူးပေါင်းအဖွဲ့များသည် မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်မတော်စခန်းများနှင့် ရဲတပ်ဖွဲ့စခန်းများ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား တပြိုင်တည်း ၀င်ရောက်တိုက် ခိုက်ခဲ့ရာ လုံခြုံရေးအဖွဲ့ဝင်များအပါအ၀င် မပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်။

“အေးအေးချမ်းချမ်း ရှိပါတယ်။ မြို့ပေါ်မှာတော့ တိုက်ပွဲတွေက ၁၀၅ မိုင်နဲ့ ကျူကုတ်၊ ပန်ဆိုင်းလမ်းပိုင်းတွေမှာ အဖြစ်များတယ်။ မြို့ပေါ်မှာ ထိတွေ့မှုသိပ်မရှိပါဘူး။ သေနတ်သံ၊ အမြောက်သံတွေကတော့ ကြားနေရတာပဲ” ဟု ဒေသခံတဦးဖြစ်သူ ဒေါ်တင်တင်စန်းက ပြောသည်။

နိုဝင်ဘာ ၂၁ ရက်တွင်လည်း မူဆယ်မြို့၌ တိုက်ပွဲများပြင်းထန်ခဲ့ပြီး မူဆယ်မြို့မရဲစခန်းဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ရသည်ဟူသောသတင်းများ လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့်သတင်းများနျင့်ပတ်သက်၍ မူဆယ်မြို့နယ်ရဲစခန်းသို့ ဆက် သွယ်မေးမြန်းရာ “စခန်းရှေ့ကနေ ဆိုင်ကယ်ကားတို့နဲ့ လာပစ်တာ။ ကျွန်တော်တို့လည်း ပြန်ပစ်လိုက်ပါတယ်။ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့သလို ဗုံးတို့၊ လောင်ချာတို့နဲ့ ပစ်တာမဟုတ်ဘူး။ သေနတ်နဲ့ပါ ထိခိုက်ဒဏ်ရာရရှိမှု တော့ မရှိပါဘူး”ဟု တာဝန်ကျရဲအရာရှိတဦးဖြစ်သူ ဒုရဲအုပ်ဝင်းမင်းက ပြန်လည်ဖြေဆိုခဲ့သည်။

လက်ရှိအချိန် မူဆယ်မြို့တွင် ကောလာဟလသတင်းများ ပျံ့နှံ့နေပြီး ဒေသခံပြည်သူလူထုမှာ ပေါ်တာဆွဲခြင်း များ ခံရမည်ကိုကြောက်ရွံ့ထိတ်လန့်နေကြကြောင်း သိရသည်။

“ကောလာဟလတွေက ပျံ့နေတော့ မြို့ထဲမှာနေတဲ့ ပြည်သူတွေက ကြောက်လန့်နေတာပေါ့ဗျာ။ မြို့ပေါ်မှာ တော့ အေးအေးချမ်းချမ်းပါပဲ။ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှာတောင် တိုက်ပွဲမရှိတော့ဘူး။ ထိတွေ့မှုဖြစ်တာ က ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကိုသွားတဲ့ ကျူကုတ်-ပန်ဆိုင်းလမ်းပိုင်းမှာဖြစ်နေတာ။ လူမှုကွန်ရက်တွေ အပေါ်မှာတော့ လက်ရှိဖြစ်စဉ်ကို ချဲ့ကားပြောဆိုနေကြတာ တွေ့ရတယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။

လင်းယုန်(ဟံသာဝတီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မူဆယ်မြို့တိုက်ပွဲဖြစ်စဉ်တွင် သတင်းချဲ့ကားပြောဆိုဖော်ပြမှုများရှိနေ မူဆယ်မြို့တိုက်ပွဲဖြစ်စဉ်တွင် သတင်းချဲ့ကားပြောဆိုဖော်ပြမှုများရှိနေ Reviewed by THITHTOOLWIN on 17:29 Rating: 5
Powered by Blogger.