သူခိုးဟုထင်၍ လက်သီးဖြင့် ထိုးဟန့်တားလိုက်ရာ သေဆုံးမှုဖြစ်


မန္တလေး၊ နိုဝင်ဘာ ၁၂။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ ည (၁၀)နာရီခန့်က ငါးရှာ့တိုက်ဖမ်းသူအား သူခိုးနှင့်လွဲမှားပြီး ဖမ်းဆီးရန်လက်သီးဖြင့်ထိုး၍ ဟန့်တားလိုက်ရာ ယင်းသူခိုးဟုယူဆရသူ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

ဖြစ်စဉ်မှာ သူခိုးခိုးကြောင်း အော်ဟစ်အကူအညီတောင်းသံကြောင့် အမျိုးသားတစ်ဦးက ပြေးလာသည့်သူကို ဟန့်တားပိတ်ဆို့ကာ ခေါင်းကို လက်သီးဖြင့်ထိုးခဲ့သဖြင့် ဦးနောက်တွင်းသွေးယိုစီးမှုဖြစ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

"သေဆုံးသူက သူခိုးမဟုတ်ဘူး။ ငါးရှော့တိုက်တဲ့ သူဖြစ်တယ်။ ဒါကို ကွက်စိပ်မှူးက ဖမ်းဆီးဖို့လုပ်တာ ထွက်ပြေးတဲ့အတွက် လူတစ်ယောက်က လက်သီးနဲ့ ထိုးလိုက်တာ ကနေသေဆုံးသွားတာဖြစ်တယ်" ဟု အောင်ပင်လယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူဦးမင်းထွန်းနှင့် အခြားအမျိုးသားတစ်ဦးတို့သည် ဝါယာလျော့တိုက်ငါးဖမ်းသည်ကို ကွက်စိပ်မှူးက ရဲစခန်းသို့ ပို့မည်ဟုပြောဆိုသည်ကို ကြောက်လန့်ကာ ထွက်ပြေးလာစဉ် ဦးသူရိန်ဝင်း(ခ)ရိန်ကြီးက လက်သီးဖြင့် ထိုး၍ဟန့်တားလိုက်ရာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် လက်သီးဖြင့်ထိုးခဲ့သူ ဦးသူရိန်ဝင်းကို အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ) ၂၆၅/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar
သူခိုးဟုထင်၍ လက်သီးဖြင့် ထိုးဟန့်တားလိုက်ရာ သေဆုံးမှုဖြစ် သူခိုးဟုထင်၍ လက်သီးဖြင့် ထိုးဟန့်တားလိုက်ရာ သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.